ပုလောမှာ တိုက်ပွဲဖြစ်ပွားပြီး အရပ်သားတဦးကို စစ်ကောင်စီတပ် ပစ်သတ်

စက်တင်ဘာ၊ ၁၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာမှာ စင်တင်ဘာလ ၁၁ ရက်၊ ဒီကနေ့မနက် ၅ နာရီလောက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ရွာခံတဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

‘’ရွာသားကိုပစ်သတ်တာက ဒီအတိုင်း သူတို့နဲ့တွေ့လို့ ပစ်သတ်သွားတဲ့ပုံစံပဲ’’ လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသက် နှစ်ဆယ်ကျော်အရွယ် ရွာခံအမျိုးသားတဦးကို ပစ်သတ်ခဲ့ပြီး ရွာထဲရှိနေတဲ့အချိန်မှာလည်း နေအိမ်တွေထဲဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းတွေကို ရှာဖွေယူဆောင်သွားတယ်လို့ဆိုပါတယ်။

အင်အား သုံးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပလမြို့ဘက်ကနေ နှစ်မိုင်ခန့်အကွာ ပိတပ်ရွာဘက်က ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ရွာထဲအရောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

“စဝင်လာကတည်းက လက်နက်ကြီးပစ်ပြီးဝင်လာတာ။ တိုက်ပွဲဖြစ်နေတုန်း စစ်သင်္ဘောကနေလည်း အမြှောက်တွေနဲ့ ပစ်တယ်” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း ပိတပ်ရွာရဲ့အနောက်ဘက် ပင်လယ်ပြင်မှာ ရပ်နားထားတဲ့ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောကနေလည်း အမြှောက်နဲ့ ပစ်ခတ်ခဲ့ပြီး နေ့လယ် ၁၂ နာရီလောက်အထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” ၁၂ နာရီလောက်မှာတော့ သူတို့လာတဲ့ဘက်ကို ပြန်ဆုတ်သွားတယ်။ ရွာခံတွေကိုလည်း ဖမ်းသွားတာရှိတယ်။ ဘယ်လောက်အဖမ်းခံရလဲဆိုတာတော့ အတိအကျ မသိဘူး” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ အိမ်ခြေတရာကျော်လောက်ရှိမယ့် အဲဒီ ပိတပ်ရွာက ရွာခံတွေ ရွာလုံးကျွတ် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဘက်ကတော့ အရာရှိတဦးသေဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းဘက်က ပြောပေမယ့် Delta News Agency ကတော့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ဒါပေမယ့် တိုက်ပွဲအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျည်ဆန်နှစ်ရာကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နဲ့ ခုနစ်မိုင်လောက်အကွာ အဲဒီကျေးရွာတဝိုက် လက်ရှိမှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး အဲဒီရွာတွေရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာ စစ်ကောင်စီတပ်ရဲ့ ရေတပ်စစ်သင်္ဘောတစီးလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်ကလည်း ပိတပ်ရွာနဲ့ သုံးမိုင်ခန့်အကွာ လက္ကူးရွာကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။