အမြန်လမ်းပေါ်မှာ ရှစ်နာရီအတွင်း ယာဉ်တိုက်မှုနှစ်ခုဖြစ် ၊ နှစ်ဦးသေဆုံး

စက်တင်ဘာ၊ ၁၁

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့ တရက်တည်း ယာဉ်တိုက်မှုနှစ်ခုဖြစ်ကာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးသေဆုံးခဲ့ပြီး  ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဌာနထုတ်ပြန်ချက်အရသိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၂၁၇/၀  နဲ့ ၂၁၈/၁ကြား နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဒီကနေ့ မနက် ရှစ်နာရီခွဲဝန်းကျင်က Hijet ကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်ရာက အမျိုး သမီးတဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာခဲ့တယ်လို့ မီးသတ်ဌာနကထုတ်ပြန်ထားပါတယ်။

တိမ်းမှောက်ခဲ့တဲ့ Hijet ကားပေါ်လိုက်ပါလာသူရှစ်ဦးထဲက တဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက နှစ်ဦးက စိုးရိမ်ရတယ်လို့သိရပါတယ်။

အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၅၇/၅နဲ့ ၅၇/၆ကြားမှာလည်း ဒီကနေ့ညနေ လေးနာရီ ကျော်က ယာဉ်တိုက်မှုတခုထပ်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်မှာတော့ကားပျက်လို့ လမ်းဘေးမှာရပ်ပြီးပြုပြင်နေတဲ့ Hijet ယာဉ်ကို Hilux Surf ကားက အရှိန်မ ထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာလို့ မီးသတ်ဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီယာဉ်တိုက်မှုကြောင့် Hijet ကားရဲ့ ယာဉ်မောင်းအမျိုးသားတဦးသေဆုံးခဲ့သလို ကားပျက်မှုကိုလာရောက် ကူညီပေးနေတဲ့ အမျိုးသားတဦးလည်း စိုးရိမ်ရဒဏ်ရာတွေရခဲ့တယ်လို့သိရပါတယ်။