ငါန်းဇွန်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ ဟုဆို

စက်တင်ဘာ၊ ၁၁
 
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စက်တင်ဘာလ ၁ဝ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
 
“ သကျင်ရွာရဲ့မြောက်ဖက်ကို လက်ပံလှရွာကို စစ်ကြောင်းထိုးလာတယ်ဗျ။ မြေတိုင်းအရောက်မှာ ဒီဖက်က ရေပြင်ဖြစ်တဲ့ အခါကျတော့ လက်ပံလှရွာကို လှေနဲ့တခါ၊ လှေတတန်နဲ့ လက်ပံလှရွာကို ကပ်လာတဲ့ချိန် ကျွန်တော်တို့ ဒရုန်းနဲ့ဗုံးသီးချတယ်ဗျ “ လို့ ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက ဆိုပါတယ်။
 
သကျင်ရွာရဲ့ မြောက်ဘက် ခုနှစ်မိုင်အကွာမှာရှိတဲ့ လက်ပံလှရွာကို အင်အား ခုနှစ်ဆယ်ကျော်ပါတဲ့ စစ်ကာင်စီတပ်ဟာ စစ်ကြောင်းထိုး ဝင်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအတွင်း ဗုံးသီးရှစ်လုံးချ တိုက်ခိုက်ခဲ့တာပါ။
 
“ သေဆုံးခြင်းကို ဘယ်လို အတည်ပြုလည်းဆိုရင် ပြည်သူတွေရဲ့ မျက်မြင် သတင်းပေးပို့ချက်အရ သိရပါတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူတွေကို မြေတိုင်ကနေ သကျင်ကို ပြန်သယ်တဲ့အခါ ထော်လာဂျီနှစ်စီးနဲ့ သယ်သွားတဲ့ အနေအထား ရှိတယ်ဗျ “ လို့ မြောင် (ပကဖ) တာဝန်ရှိသူက ဆိုပါတယ်။
 
စစ်ကောင်စီတပ်သား သေဆုံးမှု အခြေအနေနဲ့ပတ်သတ်ပြီး DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
လက်ရှိမှာ အဲဒီ စစ်ကောင်စီတပ်ဟာ သကျင်ရွာမှာ အထိုင်ချထားတဲ့ စခန်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ငါန်းဇွန်နဲ့ မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး (ပဖက)တွေ၊ ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နဲ့ ၇ ရက်မှာ လည်းသကျင်ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ စခန်းနဲ့ ဘေးဆောင်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – ငါန်းဇွန်(ပကဖ)