ဆားလင်းကြီးမှာ စစ်ရေယာဉ်ပေါ်က ပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

စက်တင်ဘာ၊ ၁၁
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်၊ မနေ့က မနက် ၆ နာရီခန့်မှာ စစ်ကောင်စီ စစ်ရေယာဉ်ပေါ်က လက်နက်ကြီးနဲ့ ပစ်လို့ ဖောင်းကတာကျေးရွာက အမျိုးသမီးတဦး သေဆုံးခဲ့သလို နောက်ထပ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
“ တိုက်ပွဲမဖြစ်ဘူး။ အဲ့လိုပစ်တာက ထုံးစံပဲဗျ “ လို့ ဆားလင်းကြီး သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
အဲဒီလိုစစ်ကောင်စီတပ်က ပစ်ခတ်လို့ အသက် ၆၃ နှစ်အရွယ် ဒေါ်တင်ဆန်းဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူနှစ်ဦးကတော့ ဘယ်သူတွေဆိုတာ မသိရသေးဘူးလို့လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းက ဆန်တက်လာတဲ့ စစ်ကောင်စီစစ်ရေယာဉ်ဟာ စက်တင်ဘာ ၁၀ ရက်၊ မနေ့က မနက် ၆ နာရီခန့်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဖောင်းကတာကျေးရွာထဲ ကျရောက်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့သလို အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ဒဏ်ရာရခဲ့တာပါ။
ဒီနေ့မှာတော့ သေဆုံးသူ ဒေါ်တင်ဆန်း ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေက သဂြိုလ်ပေးမှာ လို့ သိရပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ စစ်ရေယာဉ်တွေဟာ မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကမ်းနားမှာရှိတဲ့ ကျေးရွာတွေ မကြာခဏ စစ်ရှောင်ရတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ အချိန်ကနေ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်အထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ အမျိုးသမီးပေါင်း ၆၀၈ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP ) က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့