စစ်ကောင်စီအလုပ်သမားဝန်ကြီး စက်ရုံတွေသွားစစ်တယ်ဆိုပြီး အလုပ်ရှင်ခေါ်ထားတဲ့ အလုပ်သမားတွေကိုသာတွေ့

စက်တင်ဘာ၊ ၁၁
စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စက်ရုံတချို့ကို သွားရောက် စစ်ဆေးရာမှာ စက်ရုံဘက်က ခေါ်ပေးထားတဲ့ အလုပ်သမားတွေနဲ့သာ တွေ့ခွင့်ရလိုက်ပြီး လုပ်ငန်းခွင်အတွင်း အခြေအနေမှန်တွေ ဖုံးဖိတင်ပြတာတွေ ရှိခဲ့တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောကြပါတယ်။
ဦးမြင့်နောင်ဟာ ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်းက စက်ရုံတချို့ဆီ သွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီစက်ရုံတွေထဲမှာ လုပ်ခတိုးတောင်းလို့ အလုပ်သမားတချို့ ဖမ်းဆီးခံခဲ့ရတဲ့ ရွှေပြည်သာမြို့နယ်က ဟိုစိမ့် (မြန်မာ)စက်ရုံနဲ့ လှိုင်သာယာမြို့နယ်က Sun Apparel Myanmar စက်ရုံတို့လည်း ပါဝင်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ဝန်ကြီးလာစစ်တဲ့နေ့က စက်ရုံပိတ်ထားတယ်၊ အလုပ်ရှင်ဘက်က ရွေးခေါ်ထားတဲ့ သူတွေပဲ တွေ့ခွင့်ရတယ်၊ အားလုံးအဆင်ပြေပါတယ်၊ စက်ရုံက ဘာတွေလုပ်ပေးထားပါတယ်ဆိုပြီး ဖြေမယ့်သူတွေပေါ့ ” လို့ ဟိုစိမ့် (မြန်မာ)စက်ရုံက အလုပ်သမားတဦးက ပြောပါတယ်။
အခုလို အလုပ်သမားတွေရဲ့ အခြေအနေမှန်ကို တိုက်ရိုက်တင်ပြခွင့် မရတာကြောင့် အခွင့်အရေးဆုံးရှုံးမှုတွေ ဖြစ်ရတယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေက ဆိုပါတယ်။
“ တကယ်ဆို လာစစ်မယ့်သူကလည်း အခြေအနေမှန်သိရအောင် လုပ်သင့်တယ်၊ ဖော်ရှိုး သဘောနဲ့ ဟန်ပြစစ်တာမျိုးတော့ မဖြစ်သင့်ဘူး ” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာတော့ အဲဒီလိုသွားရောက်စစ်ဆေးရာမှာ စက်ရုံတာဝန်ရှိသူတွေရဲ့ တင်ပြချက်တွေအပေါ် ကုန်အမှာစာရရှိမှု၊ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းခွင်ဆက်ဆံရေး၊ လုပ်ခလစာ ပေးချေမှု အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနဲ့ ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတွေကိုလည်း မှာကြားခဲ့ပြီး အလုပ်သမားရေးရာ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတို့နှင့် တွေ့ဆုံခဲ့ကာ အလုပ်သမားတွေရဲ့ အခက်အခဲ၊ လိုအပ်ချက် တင်ပြချက်တွေအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်​လို့ စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါပေမယ့် လက်တွေ့မှာ အလုပ်သမားတွေ တကယ်ကြုံနေရတဲ့ အခက်အခဲတွေကို ပြောခွင့်မရခဲ့တာကြောင့် ဟန်ပြစစ်ဆေးမှုသာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ဝေဖန်ပါတယ်။
ဒါ့အပြင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ မြင့်မားနေတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ပုံရိပ်ကောင်းပြနိုင်ဖို့ အခုလိုစက်ရုံတွေကို စစ်ဆေးပြနေတဲ့သဘော တွေ့ရတယ်လို့ အလုပ်သမားအဖွဲ့တွေက သုံးသပ်ကြပါတယ်။
လက်ရှိမြန်မာနိူင်ငံမှာ လက်ခစား CMPစက်ရုံ ၇၀၀ ကျော်ရှိပြီး အလုပ်သမား ငါးသိန်းလောက် မှီခိုလုပ်ကိုင်နေကြတယ်လို့ ဌာနဆိုင်ရာမှတ်တမ်းတွေအရ သိရပါတယ်။
ဦးမြင့်နောင်ဟာ စစ်ကောင်စီရဲ့ နှစ်နှစ်ကျော်အတွင်း တတိယမြောက် ခန့်အပ်ခံရတဲ့ အလုပ် သမားဝန်ကြီး ဖြစ်ပါတယ်။ အဲဒီ မတိုင်မီကတော့ ဦးမြင့်နောင်ဟာ စစ်တပ်အရာရှိတဦး ဖြစ်ခဲ့သလို နိုင်ငံတကာ သံအမတ်အဖြစ်လည်း ဆယ်စုတခုကျော်ကြာ တာဝန်ယူခဲ့ပါတယ်။
သူ့မတိုင်မီ အလုပ်သမားဝန်ကြီး တာဝန်ယူခဲ့ပြီး အနားပေးခံလိုက်ရတဲ့ ဒေါက်တာ ပွင့်ဆန်း လက်ထက်မှာ လစာ တိုးတောင်းလို့ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ ကူညီသူတွေကို ဦးမြင့်နောင် ဝန်ကြီးဖြစ်လာပြီး နောက်တလလောက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ