တမူးမြို့နယ်မှာ စစ်ကောင်စီတပ်က CDM ဆေးမှူးတဦးနဲ့ မသန်စွမ်းတဦးကို ပစ်သတ်

စက်တင်ဘာ၊ ၁၀
 
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်တွင်းရှိ ခမိတ်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ CDM ကျန််းမာရေးဆေးမှူးတဦးနဲ့ မသန်စွမ်းတဦးတို့ကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အင်အား နှစ်ရာနဲ့ သုံးရာကြားရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တမူး-ကလေး လမ်းပိုင်းပေါ်ရှိ နန်းမွန်းတားရွာက တဆင့် ခမိတ်ကျေးရွာသို့ စက်တင်ဘာလ ၈ ရက်၊ မနက် ၆ နာရီခန့်ကနေ နေ့လယ် ၁ နာရီထိ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီလို ဝင်ရောက်တဲ့ အချိန်မှာ CDM ‌ကျန်းမာရေးဝန်ထမ်း တဦးဖြစ်သူအသက် ၂၉ နှစ်အရွယ် ကိုသားငယ်နဲ့ နန်းမွန်းတားကျေးရွာက အသက် ၄၈ နှစ်အရွယ် မသန်စွမ်းတဦးဖြစ်တဲ့ ဦးသောင်းခိုရန်းကိုလည်း နေအိမ်အတွင်း ဝင်ရောက်ပစ်သတ်ခဲ့တယ်လို့ ပြောကြပါတယ်။
 
” ကိုသားငယ်ဆိုရင် ဆိုင်ကယ်နဲ့လာတော့ သူတို့နဲ့အတွေ့မှာ ကြောက်ပြီး ထွက်ပြေးတာကို အနောက်ကနေ ပစ်တာ၊ ခါး၊ လက်နဲ့ ပေါင်မှာ သုံးချက် ထုတ်ချင်းပေါက်မှန်ပြီး သေတော့ လမ်းမပေါ်မှာ ဒီတိုင်းထားခဲ့တာဗျာ ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
စစ်ကြောင်းသွားရာ လမ်းကြောင်းဖြစ်တဲ့ ကလေး-တမူး လမ်းမပေါ်ရှိ နန်းမွန်းတားကျေးရွာက ဦးသောင်းခိုရန်းဟာ လေဖြတ်ထားသော မသန်စွမ်းတစ်ဦးဖြစ်ပြီး စစ်ကြောင်းလာချိန်မှာ မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သူဟု သိရသည်။
 
သူသေဆုံးခဲ့တဲ့နောက်မှာ ကျန်ရစ်တဲ့ အမျိုးသမီး၊ သားနဲ့ ချွေးမတို့ဟာလည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေနဲ့အတူ စစ်ဘေးရှောင်ရွာမှာ ရှောင်တိမ်းနေထိုင်နေရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
ဒါ့အပြင် အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတချို့ကို ရွာလယ်က စာသင်ကျောင်းထဲမှာ ပိတ်ထားပြီး နေအိမ်တွေကို ဖျက်စီးခဲ့သလို အရပ်သားပိုင် ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
 
” ကျနော်တို့ ပစ္စည်းတွေရော၊ တစ်ချို့အိမ်‌တွေကဆို ရွှေတွေ၊ လက်ဝတ်ရတနာတွေပါ အကုန်ယူသွားတာတဲ့။ တစ်ရွာလုံး ဘာမှကို မရှိတော့ဘူး ” လို့ သူက ဆိုပါတယ်။
 
အဲဒီစစ်ကြောင်းဟာ ခမိတ်ရွာခံ နှစ်ဦးနဲ့ ရန်ငြိမ်းအောင်ရွာသား လေးဦးကိုပါ ထပ်မံဖမ်းဆီးသွားခဲ့ပေမယ့် ရန်ငြိမ်းအောင်ရွာသား လေးဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
ဒါ့အပြင် တမူးမြို့ထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ အင်အားသုံးစစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုကြောင့် မြို့ခံပြည်သူများ ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ဆက်လက်ပြောကြားပါတယ်။
 
ဓာတ်ပုံ – CJ