မြိုင်မှာ ကျေးရွာ PDF ခေါင်းဆောင်တဦး ကျဆုံး၊ ဒေသခံရှစ်ဦး ဖမ်းဆီးခံရ

စက်တင်ဘာ၊ ၁၀
 
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်ကြီးရိုးရွာကို စစ်ကောင်တပ်က စက်တင်ဘာလ ၁၀ ရက်၊ မနက် ၅ နာရီခန့်မှာ စစ်ကြောင်းထိုး ဝင်လာပြီး ပစ်ခတ်ခဲ့တာကြောင့် နံ့သာမြိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ခေါင်းဆောင် ကျဆုံးခဲ့ပြီး ဒေသခံ ရှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
 
အင်အား ခုနှစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ကန်ကြီးရိုးရွာကို စစ်ကြောင်းထိုးလာတာကြောင့် ဗိုလ်လင်းမြွေတို့အိမ်နဲ့ စစ်ကြောင်းဟာ အလွန်နီးနေတဲ့အတွက် ပြေးချိန်မရလိုက်ဘဲ အခုလို့ ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တာပါ။
 
“ သူတို့အိမ်မှာ ရှိတဲ့ကား တက်မောင်းတာ ကားမောင်းချိန် မရလိုက်ဘဲ သူ့အဖေရော သူရော ပြေးတာ၊ သူ့အဖေက ငုံ့ရှောင်လိုက်တော့ လွတ်သွားတယ်၊ သူကတော့ လည်ပင်း ဖောက်ဝင်ပြီး ကျသွားတာ “ လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီလို ပစ်ခတ်ခံခဲ့ရတာကြောင့် နံ့သာမြိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ဗိုလ်လင်းမြွေ ကျဆုံးခဲ့တဲ့ပြီး နေ့ချင်းတွင်း သဂြိုလ်ပေးလိုက်တယ်လို့လည်း အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
စစ်တပ်က အာဏာမသိမ်းခင်က တွင်ခုံလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ ဗိုလ်လင်းမြွေဟာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးထဲ တစိုတ်မတ်မတ် ပါဝင်ဆောင်ရွက်ခဲ့သလို အားကိုးရတဲ့သူတယောက် ဖြစ်တယ်လို့လည်း လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။
 
“ သူက ကျွန်တော်တို့တပ်က ကလေးပဲ။ အရမ်းအားကိုးရတယ်။ လူချစ်လူခင်လည်း ပေါတယ်။ မြိုင်အရှေ့ဖက်မှာ ဆိုရင် သူထိန်းထားနိုင်လို့ စကစ တွေ တော်ရုံဝင်မလာရဲတာ။ အခုကလည်း မနက်အစောပိုင်းဆိုတော့ စစ်ကြောင်းနဲ့လည်း တအားနီးသွားတာကြောင့် “ လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
အဲဒီလို ပစ်ခတ်ပြီးနောက် မနက် ၁၀ နာရီမှာ အဆိုပါ စစ်ကောင်စီတပ်ဟာ ကန်ကြီးရိုးရွာက အသက် သုံးဆယ်နဲ့ လေးဆယ် ကြားရှိတဲ့ အမျိုးသား ရှစ်ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးသွားပြီး လက်ရှိမှာ ယင်းမာကျင်း ကျေးရွာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ထောင်ချီဟာ မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အမိုးအကာတွေအပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီသူတွေက ပြောကြပါတယ်။
 
စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာတော့ မြိုင်မြို့နယ်အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ကံကြီးရိုးကျေးရွာ ဘက်ကနေ PDF ခေါင်းဆောင် ဗိုလ်လင်းမြွေ မောင်းလာတဲ့ Light Truck ကားဟာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် စနိုက်ပါသေနတ် တလက်၊ Drop Bomb ဗုံးသီး ကိုးလုံး၊ လက်လုပ်မိုင်း ငါးလုံး၊ ကျောက်ဖြတ်စက် တလုံး၊ သံဖြတ်စက် တလုံး၊ ဝရိန်စက် တလုံး၊ ဂတ်စ်အိုး လေးလုံး၊ တွင်ခုံအသေး တခုနဲ့ Light Truck အဖြူရောင် ကားတစီးအပါအဝင် ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့လည်း ရေးသားထားပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်ကလည်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ခံ နဂါးနီ အဖွဲ့ခေါင်းဆောင် ဗိုလ်ယက္ခဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – မြိုင်ပကဖ