ရေစကြိုမြို့ ရုံးပေါင်းစုံရုံး တိုက်ခိုက်ခံရလို့ စစ်သား နှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

စက်တင်ဘာ ၊ ၁၀

မကွေးတိုင်း ၊ရေစကြိုမြို့အပေါ်ရှိ စစ်ကောင်စီရဲ့ ရုံးပေါင်းစုံရုံးကို စက်တင်ဘာလ ၉ ရက်၊ ည ၇ နာရီလောက်က  ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Myingyan Black Tiger ( MBT ) အဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“  စကစဖက်ကတော့ နှစ်ဦးသေပြီးတော့ သုံးဦး ဒဏ်ရာရခဲ့တယ် ။ရေစကြိုပြည်သူဆေးရုံကြီးမှာ အခုဆေးကုသမှုခံယူနေရတယ်လို့ ကျနော်တို့ သတင်းပေးတွေဆီက ပြန်လည်သိရတာပေါ့နော် ” လို့ သူကဆိုပါတယ်။

ရုံးပေါင်းစုံရုံးမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်၊ တရားရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးစတဲ့ မြို့နယ်အဆင့် တခြားအရပ်ဖက်ဌာနဆိုင်ရာရုံးတွေ တစုတစည်းတည်းစုပေါင်းရုံးထိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။

  အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger ( MBT ) အဖွဲ့နဲ့ N-YSO အဖွဲ့တို့ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် နာရီဝက် လောက်အထိ ကြာမြင့်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ရေစကြိုမြို့ ရုံးပေါင်းစုံတိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ပက်သက်ပြီး စစ်အုပ်စုဖက်က တစုံတရာ ထုတ်ဖော်ပြောဆိုထားတာမရှိသေးသလို ထိခိုက်မှု အခြေအနေတွေကို  DNA သီခြားအတည်ပြုမရသေးပါဘူး။

ရေစကြိုမြို့လယ်ရှိ ရုံးပေါင်းစုံရုံးကို စစ်ကောင်စီတပ်က ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး အင်အား တရာ ဝန်းကျင်လောက်နဲ့ လုံခြုံရေး ယူထားတာဖြစ်သလို တော်လှန်ရေးအဖွဲ့တွေက ပြောက်ကြားနည်းစနစ်နဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲဒီရုံးက မြို့အလယ်ခေါင်မှာရှိတယ် ။မိန်းလမ်းကြီးဘေးနားတင်ပဲပေါ့ ။ဒီရက်ပိုင်းအတွင်း ဖောကားနှစ်စီးနဲ့ စကစက အဲဒီရုံးမှာ အင်အားတိုးမြင့်ထားတာလည်းရှိတယ်ဗျ ။ကျနော်တို့က အခုချိန်မှာ စခန်းသိမ်းတိုက်ပွဲတွေ မလုပ်နိုင်သေးဘူးဆိုပေမယ့် ပြောက်ကြားနည်းနဲ့ ကျနော်တို့ တိုက်ခိုက်နေရတာပေါ့နော် ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်တွေကတော့ မြို့ပေါ်က ရုံးကိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း ရေစကြိုမြို့ပေါ်က ရပ်ကွက်တချို့ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပေမယ့် အရင်လို လမ်းသွားလမ်းလာတွေကို ဖမ်းဆိီး စစ်ဆေးတာတွေ မလုပ်သေးဘူးလို့ သူကဆက်ပြောပါတယ်။

ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ စုပေါင်းရုံးကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အခုလိုပဲ ပြောက်ကျားစနစ်နဲ့ မကြာခဏဆိုသလို လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိတယ်လို့လည်း  ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်တုန်းကတော့ ရေစကြိုမြို့နယ် ၊ပျူစောထီးအဖွဲ့ဝင်တွေ မောင်းနင်းလာတဲ့ ကားကို ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် ကားပေါ်ပါ ပျူစောထီး ခြောက်ဦးသေဆုံးခဲ့ပြီး သေနတ် ငါးလက်လည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။