ပုလဲမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကို အခြေခံအမှုစစ်သင်တန်းပေး

 

စက်တင်ဘာ ၊ ၁၀

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်မှာ ရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရဲ့အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၉ ရက် မနေ့ကအထိ ၁၆ ရက်ကြာ အခြေခံအမှုစစ် သင်တန်းပေးခဲ့တယ်လို့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒါကတော့ မြို့နယ်ရဲ့အစီစဉ်နဲ့ဗျ။ပုလဲမြို့နယ်ရဲ့ အစီစဉ်ပေါ့ ပလဖ အဖွဲ့ဝင်တွေကို သင်တန်းပေးချင်တာပေါ့။ပေးချင်တော့ NUG ကို ချိတ်ဆက်တယ် ။သူတို့ကမှ မြေပြင်မှာ ရှိတဲ့ ရဲမှူးကိုချိတ်ဆက်ခိုင်းတယ် ။အဲ့ကနေမှ တဆင့်သင်တန်းပေးတာပါ”လို့ ပုလဲ(ပအဖ)တာဝန်ရှိသူ ကိုဇော်ထက်က  ဆိုပါတယ်။

အဲ့ဒီသင်တန်းကို မြို့နယ်အတွင်းတော်လှန်ရေးအင်အားစုတွေရဲ့ တောင်းဆိုချက်အရ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ရဲ့ အစီအစဉ်နဲ့ ပြုလုပ်ခဲ့ပြီးသင်တန်းသား နှစ်ဆယ်တက်ရောက်ခဲ့တယ်လို့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ကိုဇော်ထက်က ပြောပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲ့ အဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ရာ လုပ်ငန်စဉ်တွေ ဆောင်ရွက်တဲ့ အခါမှာ လွဲချော်မှူမရှိရအောင်နဲ့ လုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်တဲ့အခါမှာ အမှားမရှိအောင် ရည်ရွယ်ချက်နဲ့ အခုလို အခြေခံအမှုစစ် သင်တန်းကို ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

NUG ရဲ့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနက ရဲမှူးအဆင့်တာဝန်ရှိသူကိုယ်တိုင် အဲဒီသင်တန်းမှာ အမှုလက်ခံနည်း၊ အမှုတွဲတည်ဆောက်ပုံ၊တရားခံထိန်းသိမ်းနည်း၊တရားခံစစ်ဆေးနည်း စတဲ့ သင်ရိုးတွေကို အဓိက ထားသင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။

အခြေခံအမှုစစ်သင်တန်းကို တက်ရောက်ခဲ့တဲ့ ပုလဲမြို့နယ်မှာ ရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ရဲချုပ် လက်မှတ်နဲ့ သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။

အဲဒီလို အခြေခံအမှုစစ်သင်တန်း ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်ထဲမှာ ပထမဆုံးအကြိမ် ဖွင့်ခဲ့လှစ်ခဲ့တာဖြစ် ပြီး သင်တန်းသားဦးရေးတိုးလာရင် ဆက်လက်ဖွင့်သွားမယ်လို့ လည်း ကိုဇော်ထက်က ပြောပါတယ်။