ဒေါက်တာဖြိုးသီဟရဲ့ ပီတိအိမ်စာအုပ်တိုက် စစ်ကောင်စီ ပိတ်သိမ်း

စက်တင်ဘာ ၊ ၁၀

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ ဆရာဝန်တဦးလည်းဖြစ် စာရေးဆရာတယောက်လည်းဖြစ်တဲ့ ဒေါက်တာဖြိုးသီဟရဲ့ ပီတိအိမ် စာအုပ်တိုက်ကို ထုတ်ဝေခွင့် ပိတ်သိမ်းကြောင်း စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာလ ၉ ရက်က ကြေညာပါတယ်။

“ထုတ်ဝေခွင့်လိုင်စင် ပိတ်လိုက်တယ်ဆိုတာက ဒီစာအုပ်တိုက်နာမည်နဲ့ ဘာမှ ထပ်ထုတ်လို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျနော့်လုပ်ငန်း ဖြစ်နေလို့ ပိတ်လိုက်တဲ့ သဘောပါပဲ” လို့ ဒေါက်တာဖြိုးသီဟက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ဒေါက်တာဖြိုးသီဟရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနဲ့ နိုင်ငံသားတိုင်းရဲ့ တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတွေကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ရေးသားတာကြောင့် လုပ်ငန်းအသိမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်က  နေပြည်တော်မှာကျင်းပခဲ့တဲ့ အစည်းအဝေးတခုမှာ စာပေ၊ ဂီတနဲ့ ရုပ်ရှင်နယ်ပယ်တွေကို ထိန်းချုပ်ဖို့ ပြောကြားအပြီးမှာပဲ အခုလို စာပေတိုက်တတိုုက်ကို အရေးယူမှုပြုလုပ်လာတာပါ။

“ဆရာ့စာပေတွေနဲ့ စာဖတ်ပရိတ်သတ်တွေ ကင်းကွာသွားစရာအကြောင်းမရှိပါဘူး၊ ပြည်တွင်းမှာ စာအုပ်ထုတ်ဝေခွင့်၊ ရောင်းချခွင့်မရတော့ ဆရာရဲ့ ငွေရေးကြေးရေးအခက်အခဲတွေတော့ အနည်းငယ်သက်ရောက်မှုရှိလာနိုင်တာပေါ့လေ။ ဒါပေမယ့် Online Media ကနေတဆင့် ဝင်ငွေအခွင့်အလမ်းရလာအောင် ဆရာဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဆရာရဲ့စာဖတ်ပရိတ်သတ်တ‌စ်ယောက်အနေနဲ့ ရနိုင်တဲ့နည်းလမ်းကနေ ဆက်ပြီးပါဝင်အားဖြည့်ပေးသွားမှာပါ” လို့ ဒေါက်တာဖြိုးသီဟရဲ့ စာဖတ်ပရိတ်သတ်တဦးက DNA ကို ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ စာပေလွတ်လပ်ခွင့်ကို ထိန်းချုပ်လာပြီး  လက်ရှိအချိန်ထိ နှစ်နှစ်ခွဲကျော် ကာလအတွင်းမှာတော့ စစ်ကောင်စီက ပုံနှိပ်ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့တဲ့ စာအုပ်ပုံနှိပ်တိုက်အရေအတွက်ဟာ  ပီတိအိမ် အပါအဝင် ငါးတိုက်ရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအကြောင်းရေးသားထားတဲ့ စာအုပ်ဖြန့်ချိလို့ လွင်ဦးစာပေ၊ ရှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ် စာအုပ်ပြန်ထုတ်ဝေတဲ့ ဝင်းတိုးအောင်ပုံနှိပ်တိုက်နဲ့ ရန်အောင်စာပေ၊ ညစ်ညမ်းစာပေဖြန့်ချိတယ်ဆိုပြီး ရွှေလာဘ်စာပေနဲ့ ကံကောင်းခြင်းအိမ်ငယ်လေးစာပေတို့ကို ထုတ်ဝေခွင့်ပိတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် Myanmar Now၊ 7 day News၊ DVBနဲ့ Mizzima စတဲ့ သတင်းဌာနတွေအပါအဝင် သတင်းဌာနပေါင်း ၁၃ ခုထက်မနည်းကိုလည်း ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့သလို ၅၀၅(က)နဲ့ တရားစွဲဆိုထားတာလည်းရှိပါတယ်။

၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်အထိ ဖမ်းဆီးခံရတဲ့ သတင်းသမားပေါင်း ၁၅၆ ဦးရှိပြီး လေးဦးကတော့ အသတ်ခံခဲ့ရသလို အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သတင်းသမားပေါင်း ငါးဆယ်ခန့်ကျန်နေသေးတယ်လို့ Detained Journalists Groupရဲ့ စာရင်းအရသိရပါတယ်။