စစ်ကောင်စီဖမ်းသွားတဲ့ သထုံမြို့ခံလင်မယားနှစ်ဦး သုံးရက်ကြာအထိ မိသားစုနဲ့တွေ့ခွင့်မရ

စက်တင်ဘာ ၊ ၉

စစ်ကောင်စီဖမ်းသွားတဲ့ မွန်ပြည်နယ်၊ သထုံမြို့ခံ လင်မယားနှစ်ဦးသုံးရက်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့တွေ့ခွင့် မပေးတဲ့အတွက် စိုးရိမ်နေကြရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုနဲ့ နီးစပ်သူတွေက DNAကိုပြောပါတယ်။

“ခေါ်သွားတာ ရဲစခန်းကိုတော့ သိတယ်၊ သွားတွေ့လို့မရဘူး၊ စိုးရိမ်တာပေါ့၊ သူတို့က ဘာမှ မဆိုင်ဘဲ၊ မသိဘူး၊ မရှိဘူးပဲ၊ ငြင်းနေတယ်” လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

သထုံမြို့၊ သိမ်ကုန်းရပ်နေ အသက် ၃၁ နှစ်အရွယ် ကိုမင်းဇေယျာချိုနဲ့ ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မဟန် ကျော်သက်တို့နှစ်ဦးကို သူတို့ရဲ့နေအိမ်ကနေ စက်တင်ဘာလ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်သားတွေက လာရောက်ဖမ်းဆီးသွားတာလို့သိရပါတယ်။

မဟန်ကျော်သက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထောက်ပို့တဦးဖြစ်တဲ့ ပန်ဆယ်လိုရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာပို့စ်အောက်မှာမှတ်ချက်ရေးသားခဲ့တာကြောင့် ဖမ်းဆီးပေးဖို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက လှုံ့ဆော်ဖော်ပြခဲ့ကြပါသေးတယ်။

အဲ့ဒီနောက်လင်မယားနှစ်ဦးလုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက သထုံမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင် သွားပြီး နောက် ဒီကနေ့အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘဲ အဆက်အသွယ်ဖြတ်ထားတာပါ။

“ ဥပဒေအရပဲ သွားဖို့တော့ သူတို့ မိသားစုဝင်တွေက စီစဉ်ထားတာပေါ့၊ ခက်တာက ဆက်သွယ်လို့ မရသေးတော့၊ ဘာမှ လုပ်လို့ မရသေးဘူး၊သူတို့မှာလည်း ကလေးငယ်ငယ်ရှိတယ်” လို့မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တွေကတော့အဲ့ဒီလင်မယားနှစ်ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအမာခံ ထောက်ခံသူတွေဖြစ်တယ်လို့ဖော်ပြကြပါတယ်။

ဒါ့အပြင်စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတွေ၊ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လှုပ် ရှားသွားလာမှု သတင်းတွေကို ရယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဆီ သတင်းပေးတာ၊ ထောက်ပို့တာ တွေလုပ်တယ်လို့လည်း စွပ်စွဲထားကြပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ သထုံမြို့ခံတဦးကတော့ အဲ့ဒီစွပ်စွဲဖော်ပြချက်တွေဟာ မမှန်ဘူးလို့ တုံ့ပြန်ပါတယ်။

“ဘာထောက်ပို့မှ မလုပ်ဘူး၊ သူတို့လင်မယားက မြို့မဈေးမှာ အရုပ်တွေ၊ စာရေးကိရိယာဆိုင်ဖွင့်ထားတာ၊ ဒါက သက်သက်သူတို့ ခြောက်ပြီး ငွေညှစ်တာပဲနေမယ်၊ ကျွန်တော်တို့ သိတာပေါ့၊ သူတို့နှစ်ယောက်အကြောင်းကို၊ ဒါက သက်သက် ဖမ်းဆီးခိုင်းတာပဲ။ လူပါးဝတာ” လို့သူက ပြောပါတယ်။

သထုံမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ အဲ့ဒီလင်မယားနှစ်ဦးကို လက်ရှိမှာ စစ်ကြောရေးပို့ စစ်ဆေးမေးမြန်းဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“ဇေမသွယ်အကျဉ်ထောင်းဘက်ကို ပို့မယ်လို့တော့ ပြောတယ်၊စစ်ဆေးနေတာပေါ့၊ သူတို့ မဟုတ်ရင်တော့ ပြန် လွှတ်ပေးမယ်လို့ ကြားတယ်၊စစ်ဆေးနေတုန်းမို့ဘယ်သူ့ကိုမှမပေးတွေ့တဲ့သဘောလို့ ထင်တယ်” လို့ သူက ပြော ပါတယ်။

သထုံခရိုင်အတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ကြွလှုပ်ရှားသူတွေအပါအဝင် ဒေသခံပြည်သူတွေကို စစ် ကောင်စီလက်အောက်ခံတွေက NUG ၊ PDF နဲ့ ပတ်သက်တာ၊ထောက်ပို့တာ၊ ဆက်သွယ်အကူအညီပေး တာတွေ လုပ်တယ်ဆိုပြီး  စွပ်စွဲဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်မှာ စစ်ကောင်စီကိုဝေဖန်ရေးသားတာ၊စစ်ကောင်စီကိုဝေဖန်ထားတဲ့ ပို့စ်တွေအောက်မှာ မှတ်ချက်ပေးတာမျိုးလုပ်သူတွေကို ဖမ်းဆီးတာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလိုဖမ်းဆီးခံရတဲ့သူတွေထဲက အများစုကို စစ်ကောင်စီဘက်က ငွေကြေးသိန်းဆယ်နဲ့ချီတောင်းပြီး ပြန် လွှတ် ပေးတာမျိုး ရှိသလို တချို့ကိုတော့ အကြမ်းဖက်မှု၊ နိုင်ငံတော်ဆူပူမှု အစရှိတဲ့ နှစ်ရှည်ထောင် ဒဏ်ချမှတ် နိုင်တဲ့ ပုဒ်မတွေနဲ့ စွဲဆိုထောင်ချလိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အခုနှစ် စက်တင်ဘာလ ၈ ရက်အထိ စာရင်း တွေအရ နိုင်ငံတဝှမ်း မှာ ဖမ်းဆီးခံရတဲ့သူ စုစုပေါင်း ၂၄၇၄၀ ဦးရှိပြီး အဲဒီထဲက ၁၉၄၄၇ ဦးက ထိန်းသိမ်းခံရ ဆဲဖြစ်ကာ (၇၂၉၉)ဦးက ထောက်ဒဏ်ချမှတ်ခံ ထားရပါတယ်။

မွန်ပြည်နယ်မှာဆိုရင် စစ်တပ်အာဏာသိမ်းချိန်ကနေ ယနေ့အထိ ဖမ်းဆီးခံရတဲ့သူ လေးရာကျော်ရှိပြီး အဲဒီထဲက နှစ်ရာကျော်က ပြန်လည် လွတ်မြောက်လာပြီးဖြစ်တယ်လို့ ဆိုပါတယ်။