ကျိုက်ထိုမှာ အငြိမ်းစားဒုဗိုလ်မှူးကြီးမိသားစု ပစ်ခတ်ခံရ၊ဇနီးဖြစ်သူသေဆုံး

စက်တင်ဘာ ၊ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အငြိမ်းစား ဒုဗိုလ်မှူးကြီးနဲ့ မိသားစု ပစ်ခတ်ခံရလို့ ဇနီးဖြစ်သူသေဆုံးကာ သား ဖြစ်သူ စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။

ကျိုက်ထိုမြို့နယ် တောင်သူစုရပ်ကွက်မှာနေထိုင်တဲ့ အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးအောင်လွင်နဲ့ ဇနီးဖြစ်သူ ဒေါ်ခင် စန္ဒာစိုးတို့နှစ်ဦးဟာ မနေ့က ညနေပိုင်းက သားဖြစ်သူကို ကျောင်းကြိုပြီး ပြန်လာချိန် သူတို့အိမ်ရှေ့အရောက်မှာ အမည်မသိသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

“သူ့မိန်းမသေသွားတယ်၊သူ့သားကတော့ ဒဏ်ရာတော်တော်များတယ်၊ခုဆေးရုံမှာ ဆေးကုနေရတယ်၊ အဲဒီဒုဗိုလ် မှူးကြီးကတော့ထိတော့ ထိတယ်၊ ဒဏ်ရာက အသက်အန္တရာယ်မစိုးရိမ်ဘူး” လို့ အခြေအနေကိုသိတဲ့ဒေသခံတဦး DNA ကို ပြောပါတယ်။

ကလေးကိုကျောင်းကြိုလာပြီး ကိုယ်ပိုင်ကားနဲ့ပဲ ပြန်လာကြတဲ့ အဲ့ဒီ ဒုဗိုလ်မှူးကြီးဟောင်းမိသားစုဟာ နေအိမ်ရှေ့ မှာပဲ သေနတ်နဲ့ ဆယ်ချက်ထက်မနည်းပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံကပြောပါတယ်။

သေနတ်ပစ်ခံရမှုကြောင့် ဦးအောင်လွင်က လက်ခုံမှာ ကျဉ်ဖောက်ထွင်းဒဏ်ရာတချက်ရခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ခင် စန္ဒာစိုးကတော့ ဦးခေါင်းကျည်ဖောက်ထွင်းဒဏ်ရာတချက်နဲ့အခင်းဖြစ်နေရာမှာပဲ ပွဲချင်းသေဆုံးခဲ့တာပါ။

ဒါ့အပြင်သူတို့ရဲ့သားဖြစ်သူ အသက် ၇ နှစ်အရွယ် မောင်အောင်ငြိမ်းမာန်လည်း ယာဘက် မျက်လုံးကျည်ဖောက် ဝင်ဒဏ်ရာတချက်ရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မျက်လုံးမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တဲ့ မောင်အောင်ငြိမ်းမာန်ကို ရန်ကုန်ပြည်သူ့ဆေးရုံကို ပို့ထားပြီး ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာလက်ရှိအထိ ထုတ်ပြန်ထားတာမရှိသေးသလို DNA အနေနဲ့ သီး ခြား အတည်ပြုနိုင်ဖို့ ကျိုက်ထိုမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကိုဆက်သွယ်ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပစ်ခတ်မှုဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

ဦးအောင်လွင်ဟာဆိုရင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးတဦးဖြစ်သလို ကျိုက်ထိုမြို့နယ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း YMBA အဖွဲ့ဝင်တဦးလည်းဖြစ်တာကြောင့် စစ်ကောင်စီလက်အောက်ခံတွေနဲ့ အတူသွားလာတတ် တာမျိုးတော့ရှိတယ်လို့ တောင်သူစုရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

“YMBA အစည်းအဝေးတွေဘာတွေတော့ သွားတာရှိတယ်၊တခါတလေ သူ့အပေါင်းအသင်း စစ်တပ်ဘက်က လူ တွေနဲ့ သွားလာတာမျိုးတော့ရှိတယ်၊သတင်းပေး၊မပေးကတော့ ကျွန်တော်တို့လည်း မသိရဘူး” လို့ သူကပြော ပါတယ်။