စက်တင်ဘာ ၊ ၉
လက်ဖက်တထုပ်ကလှစ်ဟပြနေတဲ့ ပကတိအရှိတရားလို့ ဒီအခြေအနေကိုတင်စားချင်ပါတယ်။
ရှမ်းရွှေတောင်ရဲ့ လူကြိုက်များထုတ်ကုန်တခုဖြစ်တဲ့ တထုပ် ငါးဆယ်ကျပ်တန် ရှူးရှဲလက်ဖက်ထုပ်ဈေးတက် တော့မယ်တဲ့…။
ရှမ်းရွှေတောင်ရဲ့ ထုတ်ကုန်တွေကို စက်တင်ဘာ ၉ရက်ကစပြီး ဈေးနှုန်းတွေပြောင်းလဲတော့မယ်လို့ လုပ်ငန်း ဘက်ကအသိပေးဖော်ပြတဲ့အခါ ငါးဆယ်တန် ရှုးရှဲ လက်ဖက်ထုပ်ပုံကိုပဲ သုံးစွဲခဲ့သလို စားသုံးသူတွေကလည်း တ ခြားထုတ်ကုန်တွေထက်ရှူးရှဲဈေးတက်တော့မယ်ဆိုတာကိုပဲ အဓိကမှတ်မှတ်ထင်ထင်ရှိကြပါတယ်။
ဒီခေတ်အခါ ဒီကာလထဲ ဈေးတက်တာဘာဆန်းသလဲပေါ့။၂၀၂၁ခုနှစ်ဇန်နဝါရီ ၃၁ရက်က ကျပ် ၁၃သိန်း စွန်းစွန်း ပဲရှိတဲ့ရွှေဈေးတောင်အခု ကျပ် ၃၄သိန်းကျော်ရှိနေတာမဟုတ်လားလို့မေးစရာရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန် ပိုင်းကဆို ရွှေဈေးဟာ သိန်းလေးဆယ်နားအထိကပ်သွားခဲ့သေးတာပေါ့။
ဒါပေမယ့် ကျန်တာတွေ ဈေးတက်တာထက်ရှူးရှဲငါးဆယ်တန် ဈေးတက်တော့မယ်ဆိုတာကတော့ ထူးပါတယ်။
“ဘာတွေဘယ်လိုတက်တက်၊ပြောင်းပြောင်း သူကတော့ တထုပ်ငါးဆယ်ပဲ”ဆိုတာကိုကရှူးရှဲလက်ဖက်ရဲ့ဂုဏ်ပုဒ် ဖြစ်ခဲ့လို့ပါ။
၂၀၀၁ ခုနှစ် စတင်ထုတ်လုပ်ချိန်ကတည်းက ငါးဆယ်ကျန်တန်အသင့်စား လက်ဖက်ထုပ်အနေနဲ့ ဈေးကွက်ထဲ ရောက်လာခဲ့တဲ့ “ရှူးရှဲ”ဟာ အဲ့ဒီအတိုင်းမပြောင်းမလဲ အသုံးတော်ခံခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပါပြီ။
အဲ့ဒီ ရှုးရှဲ လက်ဖက်ထုပ်ဟာ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းလို နိုင်ငံရေးမုန်တိုင်းကာလကို ဖြတ်သန်းခဲ့ဖူးသလို ၂၀၀၈ နာဂစ်မုန်တိုင်းလိုသဘာဝဘေးကာလကိုလည်းကျော်လွှားခဲ့ပြီးပါပြီ။
စစ်အစိုးရ၊ယူနီဖောင်းပြောင်းဝတ် လာတဲ့ အရပ်သားအယောင်ဆောင်စစ်ဗိုလ်ချုပ်တွေရဲ့အစိုးရ၊သမိုင်းတ လျှောက် ပထမဆုံးအကြိမ်ဖြတ်သန်းခဲ့ရတဲ့ NLD ပါတီ အရပ်သားအစိုးရ၊အာဏာသိမ်းကာလနှစ်နှစ်ခွဲအထိ ရှုးရှဲဟာ တထုပ် ငါးဆယ်တန်အဖြစ်နဲ့ ကြံ့ကြံ့ခံဖြတ်သန်းခဲ့တာပါ။
အဲ့ဒီလက်ဖက်ထုပ်ဟာ နှစ်ပေါင်း ၂၂ကြာ လူထုလူတန်းစား မျိုးစုံနဲ့ ရင်းနှီးကျွမ်းဝင်အသုံးတော်ခံခဲ့တာ။ လက်ရှိ တော်လှန်ရေးကာလမှာတောင် တောတွင်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ထမင်းဝိုင်းတွေထဲရှူးရှဲလက် ဖက် ထုပ်တွေကိုမကြာမကြာတွေ့ရတတ်ပါတယ်။
သူ့လက်ထက်မှာ စီးပွားရေးတိုးတက်မှုတွေရှိလာတယ်လို့ မကြာမကြာ လေလုံးထွားလေ့ရှိတဲ့ အာဏာသိမ်းစစ် ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်မှာတော့ရှူးရှဲလက်ဖက်ထုပ်ဟာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာထိန်းသိမ်း ခဲ့တဲ့ သူ့ရဲ့ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ရတော့တာပါ။
အဲ့ဒီလက်ဖက်ထုပ်တွေဟာ ကျောင်းသားတွေ၊ရုံးဝန်ထမ်းတွေ၊အဆောင်နေသူတွေရဲ့ သွားရည်စာဖြစ်ခဲ့ဖူးသလို ဟင်းတခွက်လည်းဖြစ်ခဲ့ဖူးပါတယ်။
အရက်၊ဘီယာဝိုင်းတွေကနေ ထမင်းဝိုင်းတွေအထိ ငါးဆယ်ကျပ်တန် လက်ဖက်တထုပ်ဟာ ပါဝင်ပတ်သက်ခဲ့၊ ပတ်သက်နေတာပါ။
ရှေ့တန်းနဲ့ တောတွင်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက်ဟင်းတခွက်ဖြစ်နေသလိုစစ်ခေါင်းဆောင်တွေ အတွက် အသက်ပေးတိုက်ခိုက်နေကြတဲ့ လက်အောက်ခံအစေအပါးတွေအတွက်လည်း ငါးဆယ်တန် လက်ဖက် ထုပ်တွေဟာတထောင့်တနေရာက အရေးပါခဲ့ဖူးမှာပါ။
အခုတော့ ရှုးရှဲရဲ့ပြောင်းလဲသွားမှုကို အားလုံးတပြေးညီခံစားကြရတော့မှာဖြစ်ပါတယ်။ ရှူးရှဲပရိသတ်တွေကတော့ တခြားကုန်စည်တွေဈေးတက်တုန်းကလိုမျိုး ထုတ်လုပ်ရောင်းချသူဘက်ကို အပြစ်တင်ကြတာမျိုးမတွေ့ရပါဘူး။
လူ့သက်တမ်းရဲ့ သုံးပုံတပုံနီးပါးလောက်အထိ ဈေးနှုန်းမပြောင်းမလဲ ရှိပေးခဲ့တဲ့အတွက် ကျေးဇူးတင်အသိအ မှတ် ပြုကြောင်းတွေသာ မှတ်ချက်ပေးရေးသားကြတာတွေ့ရပါတယ်။
“(ကျပ်)၅၀ နဲ့ နှစ်အကြာကြီးရပ်တည်ပေးခဲ့လို့ကျေးဇူးပါ၊အထူးသဖြင့် ၂၀၂၁ နောက်ပိုင်းပေါ့”လို့ စားသုံးသူတဦးက ရှမ်းရွှေတောင် ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာမှတ်ချက်ပေးထားတာတွေ့ရပါတယ်။
အလားတူမှတ်ချက်တွေအများကြီးထဲက တခုကတော့ ငါးဆယ်တန် အသင့်စား လက်ဖက်တထုပ် ဈေးတက်တာ့ မယ် ဆိုတာရဲ့ နောက်ကွယ်က အခြေအနေတွေကိုမီးမောင်းထိုးပြပါတယ်။
“ဝမ်းနည်းလိုက်တာ၊ဈေးတက်သွားလို့ဆိုတာထက် နိုင်ငံက တော်တော်အခြေနေဆိုးနေတယ်ဆိုတာ ပြောစရာမ လိုတော့ဘူး”လို့ အဲ့ဒီ လူမှုကွန်ရက်သုံးစွဲသူ အမျိုးသမီးငယ်က မှတ်ချက်ရေးထားတာပါ။
ဒီအတွက် စစ်ခေါင်းဆောင် အနေနဲ့ နှစ်နှစ်ဆယ်ကျော် ဈေးနှုန်းမပြောင်းခဲ့တဲ့ ရှူးရှဲကို သူ့လက်ထက်မှာ ဈေးနှုန်း တိုးမြင့်စေခဲ့တယ်လို့ ကြံဖန် ဂုဏ်ယူချင်ရင်လည်း ယူနိုင်ပါတယ်။
မိန့်ခွန်းတွေထဲထည့်ပြောပေါ့။ “ကျွန်တော့်လက်ထက်မှာ ရှူးရှဲလက်ဖက်ငါးဆယ်တန်ကိုလည်း တန်းဖိုးမြင့်တက် စေခဲ့ပါတယ်”လို့…။
ဒါမှမဟုတ် နည်းနည်းလောက်ဖြစ်ဖြစ် ရှက်တတ်သေးတယ်ဆိုရင်တော့ နောက်တခါ မိန့်ခွန်းတွေပြောဖို့ပြင် ပြီ ဆိုရင် ရှုးရှဲလက်ဖက်ထုပ်ကလေး အနားချထားဖို့အကြံပြုလိုက်ပါတယ်။
“မိမိတို့အစိုးရလက်ထက်မှာ အခက်အခဲတွေကြားက စီးပွားရေးတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဆိုပြီး မိန့်ခွန်းတွေထဲထည့်ပြောဖို့အတွေးပေါ်လာတာနဲ့ ရှူးရှဲထုပ်ကလေးကြည့်….။
ကိုယ့်အခြေအနေကိုယ်သိပေါ့။