ငါန်းဇွန်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ

စက်တင်ဘာ၊ ၈
 
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို စက်တင်ဘာလ ၇ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြားပါတယ်။
 
“ စစ်သားနှစ်ယောက်တော့ ဒဏ်ရာရသွားတယ်။ တိုက်ခိုက်တဲ့အချိန် အလူးအလဲ ထွက်ပြေးတယ်။ အသေအဆုံးကတော့ စုံစမ်းဆဲပါပဲ “ လို့ ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက ဆိုပါတယ်။
 
ငါန်းဇွန်မြို့နယ်နဲ့ ကိုးမိုင်အကွာမှာရှိတဲ့ သကျင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ခုနှစ်ဆယ်နဲ့ ဘေးဆောင်ကျေးရွာကို စစ်ကြောင်းထိုးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာပါ။
 
အဲဒီနောက် စစ်ကောင်စီအင်အား သုံးဆယ်ကျော်ဟာ ဘေးဆောင်ကျေးရွာမှာ ကျန်ခဲ့ပြီး ကျန်တဲ့ အင်အား လေးဆယ်နီးပါးနဲ့ ညောင်လေးပင်ကျေးရွာကို ထပ်မံ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်တွေက ဗုံးသုံးလုံးကြဲတိုက်ခိုက်တယ်လို့ ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက ပြောပါတယ်။
 
အဲ့ဒီလို တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးတွေ ရှိပေမယ့် ဒေသခံတွေ ထိခိုက်တာမျိုး မရှိဘူးလို့ သိရပါတယ်။
 
လက်ရှိမှာတော့ ငါန်းဇွန်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ အခုလို တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ဒီနေ့မနက် ၈ နာရီမှာ သကျင်ရွာမှာ အထိုင်ချထားတဲ့ စခန်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျောက်ဆည်ခရိုင် တပ်ရင်း (၂)၊ ငန်းနက်ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့နဲ့ 925 ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း စစ်ကောင်စီတပ်သား အင်အား တရာခန့်နဲ့ သားကျင်ရွာမှာ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီ စခန်းကို ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်း တစီးနဲ့ နှစ်ကြိမ်ခွဲကာ ဗုံးသီးရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – ငါန်းဇွန်ပကဖ (ပုံဟောင်း)