ချင်းပြည်နယ်မှာ လေကြောင်းကတိုက်လို့ အရပ်သား ၃၅ ဦးသေ၊ ရှစ်ဆယ်နီးပါးဒဏ်ရာရ

စက်တင်ဘာ၊ ၈
 
ချင်းပြည်နယ်က မြို့နယ်ပေါင်း ကိုးခုအနက် ခုနှစ်မြို့နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၈၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့က ပြောပါတယ်။
 
“ တိုက်ခိုက်မှုတွေကို ကြည့်မယ်ဆိုရင် စစ်ရေးပစ်မှတ်တိုက်ခိုက်တာထက် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိိုက်တာ တွေ့ရတယ်။ ဘုရားကျောင်းတွေ ဗုံးကြဲတာ လုပ်တယ်။ ဆေးရုံတွေ စာသင်ကျောင်းတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာ တွေ့ရတယ် ” လို့ အဲဒီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း မန်ဟရဲလျန် ကဆိုပါတယ်။
 
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ငါးဦး၊ အမျိုးသမီး ၁၁ ဦးအပါအဝင် စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၇၉ ဦးအထိ ရှိခဲ့သလို ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် နှစ်ဆယ် ဦးလည်း ကျဆုံးခဲ့တာ တွေ့ရတယ်လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်အဆောက်အဦး ၁၄၀ ကျော်လောက်ပျက်ဆီးခဲ့ပြီး အဲဒီအထဲမှာ ဘာသာရေး ဘုရားကျောင်း ခုနှစ်ခု၊ စာသင်ကျောင်းသုံး ကျောင်းနဲ့ ဆေးရုံ လေးခု ထိခိုက်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေကို ဒီနှစ်ပိုင်းအတွင်း လေကြောင်းမှတဆင့် တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ဟားခါး၊ ထန်တလန်နဲ့ မင်းတပ်မြို့ကို အများဆုံး ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။
 
အဲဒီမြို့နယ်တွေကို လေကြောင်းကတဆင့် တိုက်ခိုက်မှု ၁၈၅ ကြိမ်မှာ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၉၀ နီးပါး ရှိခဲ့တယ်လို့ သူကဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ မြေပြင်ကနေ စစ်ဆင်ရေး လုံးဝ ဆောင်ရွက်လို့ မရတော့တဲ့အတွက် အခုလို လေကြောင်းပစ်ခတ်မှုတွေကိို ပိုမိုတိုးမြင့်လုပ်ဆောင်လာတာလို့ သူကသုံးသပ်ပါတယ်။
 
“ သေဆုံးတာတွေကို ကြည့်ရင် အရပ်သားတွေက ပိုများနေတဲ့အတွက် မြေပြင်စစ်ဆင်ရေး မလုပ်နိုင်တာရယ် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်တာတွေ့ရတယ်။ ဒါတွေက စစ်ရေးပစ်မှတ်လို့ လုံးဝသတ်မှတ်မရဘူး ” လို့ သူကဆိုပါတယ်။
 
စစ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာတော့ လေကြောင်း ပစ်ခတ်မှု နှစ်ဆယ် ကြိမ်ရှိခဲ့ပြီး အရပ်သား သုံးဦး သေဆုံးကာ ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။
 
ချင်းပြည်နယ်အတွင်းက မြို့နယ်အားလုံးအနက် ပလက်ဝမြို့နယ်ကိုပဲ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးမြို့အဖြစ် မကြေညာထားတာပါ။ လက်ရှိလေကြောင်းပစ်ခတ်မှုတွေကို ကြည့်ရင်လည်း ပလက်ဝမြို့နဲ့ တွန်ဇံမြို့ကလွဲပြီး ကျန်မြို့နယ်တွေအားလုံးမှာ ရှိခဲ့တယ်လို့ ဆလိုင်း မာန်ဟရဲလျန်က ဆိုပါတယ်။
 
“ ပလက်ဝမှာကျတော့ ရက္ခိုင့်တပ်တော် (AA) တွေ ရှိတယ်လေ။ အေအေနဲ့ စကစက ခေတ္တအပစ်ရပ်ဆဲထားတော့ ငြိမ်းချမ်းရေးလုပ်တဲ့ အတွက်ကြောင့် သုံးသပ်ရတယ်။ တွန်ဇံမြို့က ကာကွယ်ရေးတပ်တွေ နေထိုင်တယ်ဆိုပေမယ့် တိုက်ပွဲဖြစ်တာ နည်းပါးတယ်လို့ သုံးသပ်လို့ရတယ် ” လို့ သူကဆိုပါတယ်။
 
လက်ရှိမှာ ချင်းပြည်နယ်လူထု စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုသာ အဓိကစိုးရိမ်နေရပြီး လေကြောင်းနဲ့ ပစ်ခတ်မှုတွေအတွက် ဗုံးခိုကျင်းတွေ တူးတာတွေအပြင် ကိုယ်နေထိိုင်တဲ့ နေရာတွေမှာ ကိုယ်နည်းကိုယ်ဟန်နဲ့သာ လေကြောင်းရန်ကို ကာကွယ်နေရတယ်လို့ မင်းတပ်မြို့ ဒေသခံတဦးက ဆိုပါတယ်။
 
“ စစ်ကြောင်း ဝင်လာတယ်ဆိုရင်တောင် ရှောင်ဖို့ အချိန်ရသေးတယ်လေ။ လေယာဉ်နဲ့လာရင် သူက မထင်မှတ်ဘဲ ရောက်လာတာဆိုတော့ ရှောင်ချိန်ပြေးချိန် မရဘူးပေါ့။ ဗုံးခိုကျင်းထဲ ဝင်နေရုံရှိတယ်။ ဒါကြောင့် လေကြောင်းကိုတော့ စိတ်ပူရတယ် ” လို့ အဲဒီဒေသခံက ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေရဲ့ ချင်းလူထုအပေါ် အခုလို လေကြောင်းပစ်ခတ်တဲ့ စစ်ရာဇဝတ်မှုတွေကို စာရင်းပြုစုထားပြီး နောင်နှစ်အနည်းငယ်အတွင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး သက်ဆိုင်သူတွေကို တာဝန်ယူမှု ရရှိဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆလိုင်း မာန်ဟရဲလျန် ကဆိုပါတယ်။
 
ဓာတ်ပုံ – CJ