မြိုင်မှာ ပျူစောထီးရွာနဲ့ ထောက်ပို့ယာဉ်တန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

စက်တင်ဘာ၊ ၈
 
မကွေးတိုင်း၊ မြိုင်မြို့နယ် မှာရှိတဲ့ ကန်နီ ပျူစောထီးရွာနဲ့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို စက်တင်ဘာလ ၇ ရက်က တနေ့တည်း သုံးကြိမ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
 
“ ကျွန်တော်တို့က ကန်နီပျူရွာ အရှေ့ဖက်ပေါ့ သူတို့ (စစ်ကောင်စီ) ကင်းပုန်းဝပ်နေတဲ့ နေရာကိုချတာ။ အဲ့ရွာမှာ ပျူစောထီး များတယ်၊ စကစ ကနည်းတယ်။ မောင်းသူမဲ့ လေယာဉ်တွေနဲ့ အဖူး ငါးဖူးချ တိုက်ခဲ့တာ။ ညနေပိုင်းမှာလည်း တခါ ဝေဟင်ကနေ သွားတိုက်သေးတယ် ” လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ကန်နီကျေးရွာ အရှေ့ဖက်မှာရှိတဲ့ ပျူစောထီးစခန်းကို မနေ့က ညနေ ၅ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးသီး ဆယ်လုံးကြဲချ တိုက်ခိုက်ခဲ့တာပါ။
 
အဲ့ဒီလို တိုက်ခိုက်ချိန်အတွင်း ကန်နီပျူစောထီးရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးအနား ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မနေ့က မနက် ၁၀ နာရီခန့်မှာလည်း အဲဒီ ကန်နီ ပျူရွာကို ရိက္ခာလာပို့တဲ့ မြိုင်မြို့ပေါ်က အင်အား ခုနှစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီထောက်ပို့ ယာဉ်တန်းဟာ မြိုင်-ပေါက် ကားလမ်းမပေါ်မှာ ရှိတဲ့ ကျောင်းကုန်ကျေးရွာ မှာ ခေတ္တရပ်နားစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဗုံးသီးချ တိုက်ခိုက်ခဲ့ပါသေးတယ်။
 
“ မနက်ကိုးနာရီမှာ ကန်နီပျူရွာကို ဒရုန်းကြဲထားတော့ ရိက္ခာလာပို့တဲ့ ကားတွေက ကန်နီမရောက်ခင် ကျောင်းကုန်းရွာ ဆိုတာရှိတယ် အဲ့မှာ ရပ်ထားတာ၊ သူတို့ကားတွေကို အဲ့ချိန် ဒရုန်းထပ်ကျဲတော့ ကားပေါ်တည့်တည့်ကျတယ်။ ထိခိုက်တာတော့ ရှိတယ် “လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက ဆိုပါတယ်။
 
အဲဒီလို သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိအခိုက်အကျအဆုံး ရှိနိုင်ပေမယ့် လုံခြုံရေးအရ အသေးစိတ် စုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။
 
စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းဟာ မနေ့ကညနေ ၆ နာရီ ခန့်မှာ ကန်နီကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီး ဒီနေ့မနက်မှာတော့ မြိုင်မြို့ပေါ်ကို ပြန်လည်ရောက်ရှိသွားပြီလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် (ပကဖ) ဒရုန်းတပ်ဖွဲ့ ဖြစ်တဲ့ Myaing U.A Fighter၊ မြိုင်(ပကဖ) တပ်ရင်း(၂)၊ တပ်ခွဲ(၂)၊ DMG အဖွဲ့၊ M ဒေါင်းနီအဖွဲ့၊ မဟူရာအလင်းတန်းအဖွဲ့၊ MPL တိုက်နယ်(၄) ပကဖ အဖွဲ့နဲ့ ဗိုလ်လင်းမြွေတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
 
စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေဟာ ဒရုန်းအသုံးပြု တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသလို ဒီလ ၃ ရက်က မြဝတီမြို့မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး အဆင့်တဦးအပါအဝင် ငါးဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
 
ဓာတ်ပုံ – မြိုင်ပကဖ