အပစ်ရပ်ထားတဲ့ ရခိုင်မှာ စစ်တပ်နဲ့ AA တို့ အပြန်အလှန် ဖမ်းဆီးမှုတွေ ပြန်ဖြစ်

စက်တင်ဘာ၊ ၇
 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)အဖွဲ့၀င် တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးတဲ့နောက် ရခိုင့်တပ်တော် (AA)ဘက်ကလည်း စစ်ကောင်စီလက်အောက်ခံ သုံးဦးကို ပြန်လည်ဖမ်းဆီးလိုက်တယ်လို့ ကျောက်ဖြူဒေသခံတွေက DNA ကို ပြောပါတယ်။
 
အဲဒီအပြန်အလှန်ဖမ်းဆီးမှုဟာ မနေ့က စက်တင်ဘာလ ၆ ရက် တရက်တည်းအတွင်းမှာ ဖြစ်ခဲ့တာလို့လည်း AA နဲ့ နီးစပ်သူတွေ၊ ဒေသခံတွေက ဆိုပါတယ်။
 
“ ULA က တယောက်ကို ကျောက်တလုံးဂိတ်မှာ တပ်က ဖမ်းတယ်၊ အဲ့မှာ တပ်တော် (AA)ကနေပြီး ရဲသား နှစ်ယောက်၊ စစ်သားတယောက်ကို ပြန်ဖမ်းလိုက်တာပါ၊ စစ်သားက အရာရှိလို့ ပြောတယ်၊ ရာထူး အတိအကျတော့ မပြောတတ်ဘူး ” လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ULA ဘက်က ဖမ်းဆီးခံခဲ့ရသူဟာ ကျောက်ဖြူမြို့ အနီး၊ လိပ်ခမော် ကျေးရွာအုပ်စု၊ ဂေါ်တူရွာ က အမျိုးသားတဦး ဖြစ်ပြီး ကျောက်ဖြူမြို့ပေါ် သွားခဲ့ပြီး ပြန်လာချိန် ကျောက်တလုံး စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
 
“ သူက ဖုန်းပြင်ဖို့ဆိုပြီး ကျောက်ဖြူကို သွားလို့ အပြန်မှာ အဖမ်းခံလိုက်ရတာ၊ ကျောက်တလုံးဂိတ်က စစ်သားတွေ ထိုင်တယ်၊ ဆိုင်ကယ်တွေဆီကနေလည်း ငွေတောင်းတာတွေ ရှိတယ်၊ အဲ့ဂိတ်က စစ်သားတွေက တော်တော် ဆိုးဆိုးရွားရွားပါ ” လို့ ကျောက်တလုံးဂိတ်အနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီဘက်က ဖမ်းဆီးခံရသူတွေကတော့ အရာရှိအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြင့်သူ၊ ရဲတပ်ဖွဲ့ဝင် သူရအောင်နဲ့ မြင့်စိုးဦး တို့ဖြစ်ကြတယ်လို့ AA တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ရခိုင်အခြေစိုက် Arakan Princess Media က ရေးသားဖော်ပြထားပါတယ်။
 
အဲဒီရဲတပ်ဖွဲ့၀င်နှစ်ဦးဟာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းရဲစခန်း ကဖြစ်တယ်လို့ ဒေသခံတွေ ပြောကြပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
 
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်ကလည်း မြေပုံမြို့နယ်၊ စိတ္တရကျေးရွာ ဒေသခံ လူငယ်နှစ်ဦးဟာ ရန်ကုန်ကို ခရီးထွက်လာရင်း ဂွမြို့နယ်က စစ်ကောင်စီတပ်စစ်ဆေးဂိတ်က AA နဲ့ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားလိုက်တယ်လို့ မိသားစုက ပြောထားပါတယ်။
 
ဒါ့အပြင် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး ကိုလည်း ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲထားပါတယ်။
 
စစ်ကောင်စီနဲ့ AA တို့နှစ်ဖက် အလွတ်သဘောနဲ့ အပစ်ရပ်ထားချိန်အတွင်း အခုလို အပြန်အလှန်ဖမ်းဆီးမှုတွေ ပြန်ဖြစ်လာတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။
 
“ စစ်တပ်က အရင်ဖမ်းထားတဲ့သူတွေတောင် မလွှတ်ပေးသေးဘဲ ဒီလို ထပ်ဖမ်းနေတာက မသင့်တော်ဘူး၊ အပစ်ရပ် ကတိတွေကို မတည်ရာ ရောက်တယ် ” လို့ ရခိုင်အရပ်ဖက်အဖွဲ့တခုရဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၂၆ ရက်ကစပြီး ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့ အလွတ်သဘော အပစ်ရပ်ထားခဲ့ကြတာဖြစ်ပြီး အဲဒီကြားထဲ နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး။
 
ရခိုင့်တပ်တော် (AA)ဟာ ရခိုင်ပြည်နယ်အတွင်း ဒေသအများစုမှာ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ထားပြီး သူ့ရဲ့ထိန်းချုပ်နယ်မြေတွေမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)အမည်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – AA