D Day ကြေညာပြီး နှစ်နှစ်အတွင်း စစ်ကောင်စီတပ်သား သုံးသောင်းခန့်သေဆုံး

– စစ်ကောင်စီတပ်က လုံးဝအနိုင်မယူနိုင်တော့တဲ့ တပ်မတော်တရပ်အဖြစ် မားမားမတ်မတ် ပေါ်ထွန်းလာပြီလို့ NUG ဆို

စက်တင်ဘာ ၊ ၇

ပြည်သူ့ခုခံတွန်းလှန်စစ်(D Day) ကြေညာပြီး နှစ်နှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးသောင်းခန့် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက  စက်တင်ဘာလ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

“စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုင်ပြီး အကြမ်းဖက်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နိုင်နေပြီဖြစ်ပါတယ်” လို့NUG ယာယီသမ္မတ ဒူဝါလရှီးလက D Day နှစ်နှစ်ပြည့် မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။

ခုခံတွန်းလှန်စစ် ပထမနှစ်ကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စုဖွဲ့မှု၊ လက်နက်နဲ့ စစ်ရေးအတွေ့အကြုံအားနည်းသည့် အခြေအနေကနေ ဒုတိယနှစ်ကာလမှာတော့ စစ်ကောင်စီတပ်က လုံးဝအနိုင်မယူနိုင်တော့တဲ့ တပ်မတော်တရပ်အဖြစ် မားမားမတ်မတ် ပေါ်ထွန်းလာပြီလို့လည်း NUG ဘက်က ဆိုထားပါတယ်။

မဲစာရင်းအကြောင်းပြပြီး စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းအပြီး ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ကိုယ်စားလှယ်တွေက အဲဒီလ ၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မတီကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဧပြီလ ၁၆ ရက်မှာဖွဲ့စည်းကာ မေလမှာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကို ဖွဲ့စည်းပြီး စက်တင်ဘာလ ၇ ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်(D Day) ကြေညာခဲ့တာပါ။

အဲဒီလိုကြေညာပြီး နှစ်နှစ်အကြာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ တခြားမဟာမိတ်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲပေါင်း တသောင်းနီးပါးအတွင်းမှာ စစ်ကောင်စီတပ်ဘက်က အခုလို သေဆုံးခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲတွေကတော့ စစ်ကိုင်းတိုင်းထဲမှာ အကြိမ်ရေ ငါးထောင်နီးပါးနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ခေါင်းဆောင်တွေ ရုံးစိုက်ရာ နေပြည်တော်နယ်မြေထဲမှာတင် တိုက်ပွဲပေါင်း ၂၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်နှစ်အတွင်းတိုက်ပွဲတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကျအဆုံးနဲ့ထိခိုက်ဒဏ်ရာရတဲ့စာရင်းကိုတော့ ထုတ်ပြန်ကြေညာတာမတွေ့ရပါဘူး။

NUG ဘက်ကတော့ စစ်ကောင်စီတပ်မှာ ခြေလျင်တပ်ရင်း ၂၁၄ ရင်းနဲ့ ခြေမြန်တပ်ရင်း ၃၀၇ ရင်းက မြေပြင်တိုက်ခိုက်ရေးအင်အား ခြောက်သောင်းငါးထောင်ခန့်အပါအဝင် လေတပ်၊ ရေတပ်နဲ့ လက်ရုံးတပ်တွေက တပ်ဖွဲ့ဝင်စုစုပေါင်း နှစ်သိန်းလေးသောင်းလောက်ရှိခဲ့ရာကနေ နှစ်နှစ်အတွင်း အခုလို သုံးသောင်းနီးပါး သေဆုံးခဲ့တာကြောင့် စစ်မြေပြင်မှာ အင်အားပြုန်းတီးမှု ၁၂ ဒဿမ ၅ ရာခိုင်နှုန်းလောက်ရှိတယ်လို့ပြောပါတယ်။

စစ်ကောင်စီဟာ အခုလို မြေပြင်မှာ ထိခိုက်ကျဆုံးမှုတွေများနေတာကြောင့် အင်အားပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ ပျူစောထီး၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်မှုထမ်းဟောင်းတွေကို တိုးချဲ့စည်းရုံးနေတဲ့အပြင် စစ်သားတွေရဲ့ ဇနီးမယားတွေ၊ Non-CDM ဝန်ထမ်းတွေကိုပါ လက်နက်ကိုင်စေပြီး စစ်ပွဲမှာ အသုံးချဖို့ ပြင်ဆင်နေတယ်လို့ NUG ဘက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်မှာ တပ်ပြေးတွေနဲ့ စစ်တိုက်ရန်ငြင်းဆန်တာကြောင့် ထောင်သွင်းအကျဉ်းချခံရသူဦးရေ ထောင်ချီရှိလာတယ်လို့လည်း NUG ဘက်က ဆိုပါတယ်။

တဖက်မှာတော့ နိုင်ငံတဝှမ်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်း ၂၉၃ ရင်းနဲ့ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ ဖွဲ့စည်းထားနိုင်ပြီး တခြားတပ်ရင်း ၆၈ ရင်းကိုလည်း PDF တပ်ရင်းတွေအဖြစ် အသိမှတ်ပြုဖို့ စိစစ်နေတယ်လို့ NUG ဘက်က ထုတ်ပြန်ထားပါတယ်။

“ကိုယ့်ဒေသ၊ ကျေးရွာ ကာကွယ်ရေးအတွက် လက်လုပ်၊ တူမီးသေနတ်များဖြင့်စတင်ခဲ့ပေမယ့် အခုချိန်မှာတော့ မဟာဗျူဟာကျကျ တပ်ရင်း၊တပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်’’ လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် ခုခံတော်လှန်စစ်နှစ်နှစ်အတွင်း ပျူစောထီးစခန်း၊ ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် လေတပ်စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မဌာနချုပ်တွေအထိပါ ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း NUG ဘက်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အခု ၂၀၂၃ ခုနှစ်ဟာ “အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်” ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြောဆိုထားပါတယ်။