တမူးမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်လို့ PDF တဦးကျဆုံး

စက်တင်ဘာ ၊ ၇

စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ တမူးမြို့နဲ့ ဆယ်မိုင်ခန့်အကွာမှာရှိတဲ့  နန်းမွန်းတားကျေးရွာမှာစက်တင်ဘာလ ၆ ရက်၊မနက်ပိုင်းမှာ စစ်ကောင်စီတပ် နဲ့ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးအင်အားစုက တဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” မနေ့ကတည်းက တိုက်ပွဲဖြစ်တာပါ။ဒီနေ့နံနက် ကျနော်တို့ဘက်နဲ့ စခတွေထိပ်တိုက်ရင်ဆိုင်တဲ့အချိန် စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တာပါဗျ။တအားနှမြောပါတယ်ဗျ’’လို့ ခရိုင်တပ်ရင်းနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ကျဆုံးတဲ့သူဟာ အသက် နှစ်ဆယ်ဝန်းကျင်အရွယ် ချင်းတိုင်းရင်းသားတဦးဖြစ်ပြီး ထာဒိုမျိုးနွယ်စုဝင်တဦးဖြစ်တယ်လို့လည်း သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးအထိအခိုက်ရှိပေမယ့် ဘယ်လောက်ရှိတယ်ဆိုတာတိတိကျကျမသိရသေးဘူးလို့လည်း အဲဒီနီးစပ်သူဒေသခံက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နန်းမွန်းတား ရွာဟောင်းနဲ့ လက်ရှိစစ်ဘေးရှောင်နေတဲ့  နန်းမွန်းတားရွာသစ်အကြားကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ဘေးရှောင်ရွာမှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

နိုင်ငံရဲ့ အနောက်မြောက်ဘက် နယ်စပ်မြို့ဖြစ်တဲ့  တမူးမြို့ဟာအိန္ဒိယနဲ့နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ကူးသန်းရောင်းဝယ်ရေး အချက်အချာကျတဲ့ မြို့ဖြစ်ပါတယ်။

စစ်တပ်က၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းတာကိုလက်မခံဘဲ လက်နက်ကိုင်တော်လှန်ရာမှာ စစ်ကိုင်းတိုင်းက အပြင်းထန်ဆုံးထဲမှာပါဝင်သလို တမူးမြို့ဟာလည်း တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ ဒေသလည်းဖြစ်ပါတယ်။

တမူးမှာ NUG လက်အောက်ခံ PDF တပ်ရင်း ၂ ရင်း၊အရင် NUG လက်အောက်ခံ တမူးတပ်ရင်း (၃) ကနေ  အမည်ပြောင်းလဲဖွဲ့စည်းထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ကျောင်းသားတပ်မတော် ABSDF၊ CDM ရဲတွေဖွဲ့စည်းထားတဲ့  Fighter Police CDM အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စတဲ့ အဖွဲ့တွေလှုပ်ရှားနေပါတယ်။