ပြည်တွင်းရွှေဈေး တကျပ်သား ၃၆ သိန်းကျော်အထိ ပြန်ကျ

စက်တင်ဘာ၊ ၆

ကမ္ဘာ့ရွှေဈေးကျဆင်းလာသလို မြန်မာကျပ်ငွေစျေးအနည်းငယ်ပြန်မာလာတာကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း တကျပ်သား ၃၆ သိန်းကျော်အထိ  ပြန်လည် ကျဆင်းနေတယ်လိုရန်ကုန်ရွှေကုန်သည် အသိုင်းအဝိုင်းက သိရပါတယ် ။

‘’ဒေါ်လာဈေးကျလာတာကြောင့် ဈေးကျတာလည်းပါတယ်။ ဈေးနည်းနည်းတက်တာနဲ့ ဈေးကွက်ထဲဖမ်းနေတော့ အဲ့တာကြောင့် ကျတာလည်းပါတယ်”လို့ လှည်းတန်းလမ်းမှာရှိတဲ့ ရွှေကုန်သည်တဦးကပြောပါတယ်။

မြန်မာ့ရွှေစျေးကွက်မှာစက်တင်ဘာလ ၅ရက် မနေ့က  အကယ်ဒမီ မီးလင်းရွှေတကျပ်သားကို ၃,၆၅၀,ဝဝဝကျပ်ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ၃,၆၃၀,၀၀၀ ကျပ်အထိကျဆင်းလာလို့ ဈေးနှုန်းအမြင့်နဲ့ ဝယ်ခဲ့တဲ့ ရွှေကုန်သည် တချို့ အရောင်း ပိတ်ထားတယ်လို့ ရန်ကုန်ရှိရွှေကုန်သည်တဦး ကပြောပါတယ်။

“ ရွှေက ဈေးတွေ တော်တော်ကျတယ်။ စိတ်ဓာတ်တွေတောင်ကျတယ်။ကျွန်တော်က အမြင့်ဈေးနဲ့ဝယ်ထားတော့ အကုန်ရှုံးပြီ။ဆိုင်တချို့လည်းအရောင်းပိတ်ထားတယ်’’ အဲဒီရွှေကုန်သည်က ဆိုပါတယ်။

မြန်မာ့ရွှေစျေးကျဆင်းနေတဲ့ အချိန်မှာပဲ ကမ္ဘာ့ရွှေဈေးဟာလည်း ကျဆင်းနေပြီး စက်တင်ဘာလ ၅ ရက် မနေ့က  တအောင်စကို၁,၉၃၂ဒေါ်လာ ရှိခဲ့ပေမယ့် ဒီနေ့မှာ ၁,၉၂၄ ဒေါ်လာထိ ကျဆင်းနေတာပါ။

ပြီးခဲ့တဲ့ လတွေတုန်းက ပြည်တွင်းရွှေတကျပ်သားကို  သိန်း လေးဆယ်နီးပါးထိမြင့်တက်ခဲ့လို့ စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေကြေး နဲ့ရွှေအရောင်းအဝယ်ကို တင်းကျပ်မှုတွေပြုလုပ်ပြီး ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေလို့ အခုလို ရွှေဈေးနှုန်းပြန်လည်ကျဆင်းလာတာလို့ ပြောဆိုမှုတွေ လည်းရှိနေပါတယ်။

ပြည်တွင်းရွှေစျေးနှုန်းတွေကျဆင်းလာသလို အလားတူ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေစျေးနှုန်းတွေလည်း ကျဆင်းလာနေတယ်လို့လည်း ရန်ကုန်မြို့ကနိ်ုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်တွေကပြောပါတယ်။

စက်တင်ဘာလ ၅ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၅၉၀ ကျပ်၊တယူရို ၃,၉၀၄ ကျပ်၊စင်္ကာပူ တဒေါ်လာ ၂,၆၁၀ ကျပ်နဲ့ ထိုင်းတဘတ် ၁၀၁ ဒဿမ  ၅၂ ကျပ်ပေါက်ဈေးရှိခဲပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့  အမေရိကန် တဒေါ်လာ ၃,၅၅၀ ကျပ်၊ တယူရို ၃,၈၈၄ ကျပ်၊ စကာပူ တဒေါ်လာ ၂,၅၅၅ ကျပ်နဲ့  ထိုင်းတဘတ်ကို ၁၀၁ ကျပ်ထိ ဈေးကျဆင်းခဲ့ပြီး အချိန်အလိုက်အပြောင်းအလဲ ရှိနိုင်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။