ဖမ်းဆီးခံထားရတဲ့ PDF တပ်ဖွဲ့ဝင်ငါးဦး ခြောက်လကျော်အထိ အဆက်အသွယ်မရဘဲပျောက်ဆုံး

စက်တင်ဘာ၊ ၆

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ခြောက်လကျော်ကြာတဲ့အထိ မိသားစုဝင် တွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

“ဘာသတင်းအစနမှလည်း မရဘူး။ အသက်အန္တရာယ်စိုးရိမ်တာပေါ့” လို့ လှိုင်မြို့နယ်၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်၊မနက်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်၊ ဓာတုဗေဒလမ်းမှာ ရှိတဲ့ မြတ်မိဘ ကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ ဒုအထွေထွေမန်နေဂျာဖြစ်သူ အငြိမ်းစားစစ်မှုထမ်း ဦးမြင့်စိုးကို အမည်မသိလက်နက်ကိုင်လူတစုက ဘုရင့်နောင်လမ်း ရတနာမွန်အိမ်ရာအနားမှာ ပစ်ခတ်ခဲ့တာပါ။

အဲဒီနောက်စစ်ကောင်စီတပ်ဖွဲ့တွေက လှိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုအောင်ကြီး(ခေါ်) ကိုအောင်ဇော်လင်း၊ မိုးတိမ်(ခေါ်)ကိုအောင်ခန့်ဖြိုး၊ ကင်း(ခေါ်)ကိုညီညီထွေး၊ Zee(ခေါ်)ကိုပြည့်ဖိုးခန့်တို့ ငါးဦးကို ဖေဖော်ဝါရီလအတွင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဖမ်းဆီးခံရတဲ့ ရဲဘော်ငါးဦးဟာ ဒီကနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသလို သူတို့ကိုလည်း ဘာဥပဒေနဲ့ အရေးယူထားတာကိုလည်း ထုတ်ပြန်ထားခြင်းမရှိတဲ့အတွက် ဥပဒေဘောင်အတွင်းကနေ ခုခံကာကွယ်ပိုင်ခွင့် ဆုံးရှုံးနေရတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် မိသားစုဝင်တွေဟာလည်း သူတို့စတင်ဖမ်းဆီးခံရကတည်းက ရှိနိုင်မယ့်နေရာတိုင်းကို စုံစမ်းပေမယ့် ဘယ်စစ်ကြောရေးစခန်း၊ အချုပ်ခန်းနဲ့ ရဲစခန်းမှာမှ မရှိဘူးဆိုတဲ့ အကြောင်းပဲပြန်ကြားရတယ်လို့လည်း ဆက်ပြောပါတယ်။

စဖမ်းခံရတဲ့အချိန်ကနေ ခုချိန်ထိပေါ့နော်၊ အမြဲနားစွင့်တယ်၊ နောက်ပြီး မိသာစုနဲ့ သူ့ပတ်ဝန်းကျင်ကလူတွေကိုလည်း သတင်း ပြန်သိနိုင်တဲ့သူမှန်သမျှကနေ နားစွင့်တာ ဒီကနေ့အထိ ဘယ်စစ်ကြောရေး၊ ဘယ်အချုပ်ခန်း၊ ရဲစခန်းတွေမှာ မရှိဘူးဆိုတဲ့ အကြောင်းတွေကိုပဲ ပြန်ကြားရတယ်၊

“  လက်ရှိရော သက်ရှိထင်ရှားနေသေးလား။စုံစမ်းလို့ မရဘူး” လို့ အဲဒီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်ကြောင့် ဖမ်းဆီးခံထားရတဲ့ ရဲဘော်ငါးဦးဟာ တစုံတခုဖြစ်ခဲ့မယ်ဆိုရင် အာဏာသိမ်းစစ်ခေါင်းအပါအဝင်  ပါဝင်ပတ်သက်ဆက်နွယ်သူအားလုံး တာဝန်ခံရမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

အဲဒီလိုပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ဝင်ထွက်ကူညီ ခွင့်ရခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကြည်ခြေနီကော်မတီ ICRC နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP တို့လို အဖွဲ့အစည်းတွေကိုလည်း ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးရဲဘော်တချို့ဖမ်းဆီးခံလိုက်ရပေမယ့်လည်း ကျန်တဲ့တပ်ဖွဲ့ဝင်တွေကတော့ အာဏာရှင်ဆန့်ကျင်ရေးအတွက် ရောက်တဲ့နေရာ၊ ကျရာတာဝန်ကို အပြည့်အဝဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့က လက်နက်နဲ့ပဲ အနိုင်ကျင့်နေတဲ့အခါကျတော့ ကျွန်တော်တို့ကတော့ လက်နက်နဲ့ပဲ ပြန်ပြီး ခုခံတော်လှန်သွားမယ်။သူတို့က စကားနဲ့ ချေပလို့ရတဲ့ လူစားမျိုးတွေ မဟုတ်တော့ဘူး။ကျွန်တော်တို့ လုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်သွားမယ်၊ လုပ်ဖို့အတွက်လည်း အမြဲတမ်းပြင်ဆင်ထားပါတယ်။” လို့အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီီလ ၅ ရက်အထိ ဖမ်းဆီးခံထားရတဲ့သူ စုစုပေါင်း (၂၄,၆၉၄)ဦး ရှိပြီး အဲဒီထဲက (၁၉,၈၅၇)ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ (၇၃၀၂ ဦးကတော့ ထောင်ဒဏ်မှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ထားပါတယ်။