ဓာတ်ပုံသတင်းထောက်တဦးကို စစ်ကောင်စီက ထောင်နှစ်နှစ်ဆယ်ချ

စက်တင်ဘာ၊ ၆

Myanmar Now သတင်းဌာနအပါအဝင် ပြည်တွင်း သတင်းဌာနတွေမှာ လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်ဆယ်ချမှတ်လိုက်ပါတယ်။

အခုနှစ်မေလ ၂၃ရက်က  သတင်းယူနေရင်း ဖမ်းဆီးခံခဲ့ရတဲ့ အဲ့ဒီဓာတ်ပုံသတင်းထောက်ကို သုံးလကျော်အကြာ ဒီကနေ့မှာ စစ် ကောင်စီရဲ့ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ထောင်ဒဏ်နှစ်နှစ်ဆယ်ချမှတ်လိုက်တာလို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်လိုက်တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ကနဦးသတင်းတွေအရ ပုဒ်မလေးခုနဲ့ ပြစ်ဒဏ်ချလိုက်တာလို့ မြန်မာနောင်း  သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၇၊ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆)၊နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ တို့နဲ့ ပြစ်ဒဏ် တွေချမှတ်လိုက်တာလို့ ဆိုပါတယ်။

ဓာတ်ပုံသတင်းထောက်ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် တပတ်ကြာအထိ စစ်ကြောရေးစ ခန်းတွေမှာချုပ်နှောင်စစ်ဆေးခဲ့ပြီး ဇွန်လလယ်မှာ အင်းစိန်ထောင်ကိုပို့လိုက်တာလို့ မြန်မာနောင်းသတင်းဌာနက ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရပြီးနောက် သုံးလကျော်ကြာအထိ တောင်ဒဂုံတရားရုံးမှာ ချုပ်ရက် ရမန်ယူတာကလွဲလို့  စစ်ကောင်စီ ဟာ ကိုစိုင်းဇော်သိုက်ကို တရားခွင်စစ်ဆေးမှု၊ခုခံချေပခွင့်၊ရှေ့နေလိုက်ခွင့်တွေမပေးခဲ့ဘဲ ဒီကနေ့ ပထမရုံးချိန်းမှာ ပြစ်ဒဏ်ချမှတ်လိုက်တာလို့ သိရပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ မြန်မာနောင်းသတင်းဌာနနဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်လက်တွဲလုပ်ကိုင်ခဲ့သူဖြစ်ပြီး အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် Myanmar Now အဖွဲ့သားအားလုံးက စိတ်ထိခိုက်ကြေကွဲရ တယ်လို့ အဲ့ဒီသတင်းဌာနအယ်ဒီတာချုပ်ဦးဆွေဝင်းကပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ်နဲ့ တခြားအယ်ဒီတာတွေကို တရားစွဲဆိုထားသလို သူတို့ရဲ့ရန်ကုန်မြို့ကနေအိမ်တွေကိုလည်း ချိပ်ပိတ်ခဲ့တယ်လို့ မြန်မာနောင်းသတင်းဌာနက ဒီကနေ့ထုတ်ပြန်ထားပါတယ်။

သတင်းယူရင်း  ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားတဦးကို အခုလိုသတင်းအလုပ်နဲ့ မသက်ဆိုင်တဲ့ ပုဒ်မ တွေနဲ့စွဲဆို ကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာဟာ စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်တွေထဲက တခုသာဖြစ်တယ်လို့ မဇ္ဈိမ သတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းကမှတ်ချက်ပြုပါတယ်။

“တရားစွဲအဖွဲ့အစည်းကလည်းလိုသလိုတပ်တယ်၊တရားရေးအဖွဲ့ကလည်း လိုသလိုထောင်ချတယ်၊ ဒါတွေကသူတို့ လုပ်နေတဲ့ဟာတွေကဘာမှအဆီအငေါ်မတည့်တာတွေ၊ကမောက်ကမတွေချည်းပဲဖြစ်တာပေါ့ဗျာ”လို့သူကဆိုပါ တယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကျူးလွန်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊စစ်ရာဇဝတ်မှုနဲ့ မတရားမှုတွေ ကို သတင်းမီဒီယာသမားတွေကို ဖော်ထုတ်ရေးသားတင်ပြတာကို မကြိုက်တဲ့အတွက် သတင်းသမားတဦးကို  အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာလို့လည်း ဝေဖန်ပါတယ်။

“ခေတ်ပျက်တဲ့ကာလမှာ  သတင်းမီဒီဘာသမားတွေက တိုင်းပြည်အတွက် သတင်းတွေပေးပြီးတော့ မျက်စိပွင့် နားပွင့်ဖြ စ်အောင်လုပ်ရင်းနဲ့ပဲပေးဆပ်ရတာပဲ”လို့ ဦးစိန်ဝင်းကပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်တလကျော်အကြာမှာ ပြည်တွင်းအခြေစိုက် သတင်းဌာနငါးခုကိုထုတ်ဝေခွင့် ပိတ် ပင်ခဲ့သလို လက်ရှိအချိန်အထိ စုစုပေါင်းသတင်းဌာန ၁၄ခုထက်မနည်းကို ထုတ်ဝေခွင့်တွေပိတ်သိမ်းထားပါတယ်။

ဒါ့အပြင် သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုတွေလည်း ဆက်တိုက်လုပ်ခဲ့တာကြောင့် စုစုပေါင်း သတင်းသမား ၄၂ဦး ကိုဖမ်းဆီးထားကာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကိုဖမ်းဆီးထောင် ချမှုတတိယအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေတယ် လို့ နိုင်ငံတကာသတင်းသမားများကာကွယ်အဖွဲ့တခုဖြစ်တဲ့ CPJ က အခုနှစ် ဇန်နဝါရီလအတွင်းထုတ်ပြန်ခဲ့ပါတယ်။