မင်းကင်းမြို့ လျှပ်စစ်စက်ရုံက စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ နှစ်ဦးသေဆုံး

စက်တင်ဘာ၊ ၆
 
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အဝင်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (EPC) အတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးသေဆုံးကာ သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ လက်ရှိ တွေ့ရသလောက်တော့ နှစ်လောင်း၊ တလက်ရတယ်။ ခဲယမ်းတွေလည်း ရခဲ့တယ် ” လို့ မင်းကင်းမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ် (၁၁) တပ်ရင်း ရဲဘော်တဦးက ပြောပါတယ်။
 
မင်းကင်းမြို့ အဝင် လမ်းဆုံမှာရှိတဲ့ လျှပ်စစ်ရုံအတွင်းက စစ်ကောင်စီတပ်တွေကို စက်တင်ဘာလ ၅ ရက်၊ ညနေ ၄ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့လို့ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
 
” စကစတွေက ကျနော်တို့နဲ့ ပစ်ခတ်မှု ဖြစ်တဲ့အခါမှာ သူတို့ဖက်က အခြေအနေ မဟန်တော့တဲ့အချိန်မှာ စကစတပ်တွေက အကုန်ထွက်ပြေးသွားပြီးတော့ ပျူစောထီးတွေပဲ ကျန်ခဲ့တာ တွေ့ရတယ်။ စကစက ပျူစောထီးတွေကို အသုံးချသွားတဲ့ အနေအထားမျိုးလည်း တွေ့ရတယ် ” လို့ အဲဒီရဲဘော်က ပြောပါတယ်။
 
ဒါ့အပြင် အဲဒီတိုက်ပွဲမှာ တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်သားတွေ ကိုင်ဆောင်တဲ့ ကာဘိုင်အမျိုးအစား သေနတ်တလက်နဲ့အတူ ကျည်ဆံတွေ၊ ဗုံးသီးတွေ၊ ငွေစက္ကူတချို့နဲ့ ဆိုင်ကယ်လေးစီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ၊ တပ်ရင်း (၂) တပ်ခွဲ(၂) ၊ တိမ်လွှာဒေါင်းမင်း (ပ.က.ဖ)၊ မင်းကင်းမြို့ (ပ.က.ဖ)၊ Wolf Fighter နဲ့ LDF တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
 
လျှပ်စစ်ရုံးကို တိုက်ခိုက်မှုအပြီး တော်လှန်ရေးအဖွဲ့တွေက ရုံးကို ဝင်ရောက်စီးနင်းနိုင်ခဲ့သလို စစ်အုပ်စုနဲ့ သက်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုသာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရုံးကို တစုံတရာ ပျက်ဆိီးအောင် မလုပ်ခဲ့ဘူးလို့ တပ်ရင်း အမှတ် (၁၁) ရဲဘော်တဦးက ဆိုပါတယ်။
 
“ အဲဒီရုံးမှာက အင်အား နှစ်ဆယ်လောက်ပဲ ရှိတာပေါ့နော်။ ထူးဆန်းတာက ကျနော်တို့ ဝင်ပစ်တဲ့အချိန် မြို့ထဲကဆိုရင် နှစ်မိနှစ်လောက်ပဲ သွားရတဲ့ ရဲစခန်းထဲက စခတွေနဲ့ ရဲတွေက စစ်ကူလာတာမျိုး မရှိခဲ့ဘူး ” လို့ သူကဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေက လျှပ်စစ်ရုံး တိုက်ခိုက်ခံရပြီးနောက် မြို့အတွင်းမှာ ပြည်သူတွေကို တိုက်ပွဲဖြစ်ပွားရင် မကြောက်ကြဖို့နဲ့ ထွက်မပြေးကြဖို့ လိုက်လံအော်ဟစ် သတိပေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
တော်လှန်ရေးအင်အားစုတွေကတော့ မကြာမီမှာ အခုထက်ပြင်းထန်တဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တဲ့အတွက် စစ်ကောင်စီတပ်တွေအနေနဲ့ ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
ဓာတ်ပုံ – SRF