ကန့်ဘလူမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ရွာနှစ်ရွာမီးရှို့လို့ ဒေသခံတွေ တိမ်းရှောင်

စက်တင်ဘာ၊ ၆
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၆ ရက် ဒီနေ့မနက်မှာ မီးရှို့ဖျက်စီးနေတာကြောင့် အရပ်သားတွေ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ တိုက်ပွဲဖြစ်နေတာမျိုး မရှိဘူး။ ဒီနေ့မနက်မှာ လေးလှရွာကို အထွက်ရှို့ ရှို့ခဲ့တာ။ အဲရှို့ပြီးတော့ အရှေ့ဖက်မှာရှိတဲ့ မြိုင်သာရွာကို ရောက်သွားတယ်ဗျ။ မြိုင်သာရွာကိုလည်း မီးရှို့ခဲ့တယ်ဗျ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
 
အဲဒီစစ်ကြောင်းကြောင့် ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ ညောင်ပေါင်ရင်း၊ ရွာမ၊ ဉာဏ်အင်း၊ အင်းလယ်ကြီး၊ ကျေးပင်အက်၊ အဂါဒေါင့်၊ သရက်တော၊ ထိန်တော၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည်၊ မဲသည်၊ သပြေသာနဲ့ ကိုင်းရိုး စတဲ့ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား နှစ်ရာကျော်ဟာ မနေ့က ညနေမှာ အင်းလည်ကြီးရွာကနေ လေးလှကျေးရွာကို ဝင်ရောက် ညအိပ်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့မနက် စစ်ကြောင်းပြန်ထွက်ပြန်ချိန် ရွာကို မီးရှို့ခဲ့တာပါ။
 
စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီလို လေးလှရွာကို မီးရှို့ပြီးတဲ့နောက် အရှေ့ဖက်မှာရှိတဲ့ မြိုင်သာရွာထဲ စစ်ကြောင်းထိုး ဆက်လက်ဝင်ရောက်ခဲ့ပြီး လက်ရှိမြိုင်သာရွာကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
လက်ရှိစစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာထဲမှာ ရှိနေတဲ့အတွက်ကြောင့် နေအိမ်ပျက်စီးမှု အရေအတွက် အသေးစိတ်ကို စုံစမ်းလို့ မရသေးဘူးလို့ ဒေသခံအမျိုးသားက ဆိုပါတယ်။
 
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်ကစပြီး ကန့်ဘလူ မြို့နယ်ထဲ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ရက်ရှည်စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူညီ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
 
ဓာတ်ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် (ပုံဟောင်း)