တလကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားမှာ နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေ

စက်တင်ဘာ၊ ၆
 
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့ ကြားမှာ စစ်ကောင်စီတပ်တွေ ဆက်လက်တပ်စွဲထားတာကြောင့် စစ်ရေးတင်းမာနေဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
“ သူတို့ပြန်မဆုတ်သေးတော့ စစ်ရေးက တင်းမာနေတဲ့ အနေအထားမှာ ရှိတယ် ” လို့ သူက ပြောပါတယ်။
 
ဒီးမော့ဆိုနဲ့ ဖရူမြို့တွေကြား လမ်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဩဂုတ် လတလလုံး တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာပါ။
 
ဒီးမော့ဆိုမြို့ ကနေ သြဂုတ်လ ၂ ရက်ကတည်းက စထွက်လာတဲ့ အင်အား သုံးရာဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေဟာ ဒီးမော့ဆို-ဖရူဆို ကားလမ်းတလျှောက်က ငွေတောင်ရွာသစ်၊ ကဒါးလား၊ ထီးသော်ကူး၊ ဒေါညေးခူး စတဲ့ ကျေးရွာတွေဘက်မှာ လက်ရှိအချိန်ထိ တပ်စွဲထားတယ်လို့ သိရပါတယ်။
 
အဲဒီကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက သြဂုတ်လအတွင်း ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်ဖက်လုံး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။
 
“ သူတို့ (စစ်တပ်) တပ်စခန်းတွေ ရှိတဲ့ဘက်ကို လူအင်အား၊ လက်နက်ရိက္ခာတွေ ပို့ဖို့လိုတော့ သူတို့က မိန်းလမ်းကို ထိန်းချုပ်ချင်တာ၊ ဒါကြောင့် မိန်းလမ်းပေါ်က ရွာတွေမှာ တပ်စွဲထားတာလို့တော့ ယူဆတယ် ” လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်ဘက်က အခုလ စက်တင်ဘာ ၁ ရက်ကတည်းက လွိုင်ကော်မြို့ကနေ ဖရူဆိုဘက်ကို ကားအစီးရေ ရှစ်ဆယ်ဝန်းကျင်နဲ့ လူအင်အား၊ ရိက္ခာ၊ လက်နက်အင်အား ဖြည့်တင်းထားပြီး လမ်းတလျှောက်မှာလည်း ကရင်နီပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရသေးတယ်လို့ သိရပါတယ်။
 
“ စစ်ကောင်စီ ယာဥ်တန်းကတော့ လွိုင်ကော်ကနေ ဒီးမော့ဆိုကို ဖြတ်ပြီး ဖရူဆိုထဲကို ဝင်သွားပါပြီ ” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ် ယာဥ်တန်းဟာ ဇူလိုင်လကုန်ပိုင်းမှာ ရှမ်းပြည်နယ်၊ ဖယ်ခုံ ကနေတဆင့် လွိုင်ကော်ဘက်က ဝင်လာတဲ့ ကားတွေဖြစ်ပြီး ရိက္ခာပြတ်လပ်နေတဲ့ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တွေအပါအဝင် ကရင်နီ ဒေသက စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာဖြည့်တင်းဖို့ဖြစ်တယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တွေက ယူဆကြပါတယ်။
 
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ထုတ်ပြန်ချက်တွေအရ ဒီးမော့ဆိုနဲ့ ဖရူဆိုကြား တိုက်ပွဲတွေအ ပါအဝင် ကရင်နီပြည်နယ်တဝှမ်း သြဂုတ်လအတွင်း KNDF က ပါဝင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲပေါင်း ငါးဆယ်နီးပါး ရှိပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က တရာ့တဆယ်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ငယ်မျိုးစုံ ၁၅ လက်နဲ့ လက်နက်ကြီးတလက်ကို သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်သုံ့ပန်း သုံးဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို KNDF ဘက်ကလည်း တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
 
အခုလ စက်တင်ဘာ ၂ ရက်ကတော့ ဒီးမော့ဆိုမြို့ အနောက်ဘက် သုံးမိုင်လောက်အကွာက သေးဆူလဲရွာ နဲ့ ပူဖားကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကရင်နီပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
 
အဲ့ဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကရင်နီပူးပေါင်းတပ်တွေက ထုတ်ပြန်ထားပါတယ်။
 
တိုက်ခိုက်ခံလိုက်ရတဲ့ စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီဘက်က ထိုးစစ်ပြန်ဆင်နေတာကြောင့် အဲ့ဒီနေရာတဝိုက်မှာလည်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – KNDF