မြန်မာရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ခွင့်ကို အာဆီယံ ပယ်ချပြီး ဖိလစ်ပိုင်ကို အစားထိုးဖို့ ဆုံးဖြတ်

စက်တင်ဘာ၊ ၆

အာဆီယံ အနေနဲ့ မြန်မာနိုင်ငံကို ၂၀၂၆ ခုနှစ်မှာ မူလ လျာထားတဲ့အတိုင်း အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာက ဥက္ကဋ္ဌ တာဝန်ယူရမယ့်နှစ်ကို အလှည့်ကျော်ဖို့ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက သဘောတူခဲ့ပါတယ်။ အာဆီယံရဲ့ စည်းမျဉ်းတွေအရ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အဖွဲ့ဝင် နိုင်ငံတွေရဲ့ နာမည် အင်္ဂလိပ် စာလုံးအတိုင်း အစဉ်လိုက် ထမ်းဆောင်ရပါတယ်။

၂၀၂၆ ခုနှစ်မှာ မြန်မာဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာဖို့ ရှိပေမယ့် အခုတော့ အလှည့်ကျော်ပြီး ဖိလစ်ပိုင်က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အာဆီယံ ခေါင်းဆောင်တွေနဲ့ တံခါးပိတ် အစည်းအဝေး တခုမှာ တွေ့ဆုံတဲ့အခါ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဖိလစ်ပိုင် အနေနဲ့ ၂၀၂၆ ခုနှစ်မှာ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အသင့်ရှိနေတယ် ဆိုတာကို ဝမ်းမြောက်ဝမ်းသာ အသိပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံ အသိုက်အဝန်းရဲ့ စံနှုန်း တန်ဖိုးတွေကို ထိန်းသိမ်းရင်း ကဏ္ဍသစ်တွေဆီ ဦးဆောင် ပဲ့ကိုင်သွားဖို့ ဖိလစ်ပိုင်က လိုလား တက်ကြွနေပါတယ်လို့လည်း မားကို့စ်က ပြောဆိုခဲ့ကြောင်း ဖိလစ်ပိုင် သမ္မတအိမ်တော် ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာသိမ်းပြီး ကတည်းက နိုင်ငံတကာ အသိအမှတ်ပြု လူရာသွင်းမှုကို ထွန့်ထွန့်လူး လိုချင်နေတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေအတွက် အူနုကျွဲခတ်သလို ဖြစ်သွားစေနိုင်ပါတယ်။ အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လုံလောက်တဲ့ တင်းမာ ပြတ်သားမှု မရှိဘဲ ကိုင်တွယ်နေကြောင်း ဝေဖန်မှုတွေ ခံနေရတဲ့ အခြေအနေမှာ အခုလိုမျိုး မြန်မာ စစ်တပ် အထိနာစေမယ့် ဆုံးဖြတ်ချက်ကို သဘောတူ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မားကို့စ်ဟာ မြန်မာအစား ဖိလစ်ပိုင်က ၂၀၂၆ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲယူခဲ့တဲ့ ကိစ္စရဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

အာဆီယံဟာ မြန်မာ့အရေးကို ဆွေးနွေးမှု လမ်းကြောင်းကနေ ချဉ်းကပ်ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို သတ်မှတ်ထားပေမယ့် မြန်မာစစ်တပ်က လေးစားလိုက်နာမှု မရှိတဲ့နောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို တားမြစ် ပိတ်ပင်ထားလိုက်ပါတယ်။

 

Ref: CNA