ပြိုင်ပွဲဝင်ရင်း ဒဏ်ရာရခဲ့ရာကနေ ကျောက်ကပ်ပါ ဆုံးရှုံးသွားတဲ့ ဘတ်စကက်ဘောသမား

စက်တင်ဘာ၊ ၆

ဆာဘီးယား ဘက်စကက်ဘောသမား တဦးဟာ ယှဉ်ပြိုင်နေရင်း ဝမ်းဗိုက်ကို ထိခိုက်မိရာက ကျောက်ကပ်တလုံး ခွဲစိတ် ဖယ်ရှားရတဲ့ထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

ဩဂုတ် ၃၀ ရက်နေ့က ဆာဘီးယား လက်ရွေးစင် အသင်းနဲ့ တောင်ပိုင်းဆူဒန် အသင်းတို့ဟာ ဖိလစ်ပိုင်မှာ ကမ္ဘာ့ဖလား ဘတ်စကက်ဘော ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ပြီး ၁၁၅-၈၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ဆာဘီးယားရဲ့ ဘိုရစ်ဆာ ဆီမန်နစ်ဟာ ပြိုင်ဘက် ကစားသမား နူနီအိုမွတ်နဲ့ ထိခိုက်မိရာက ဝမ်းဗိုက်ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်သား ဘောလုံးယှဉ်လုချိန်မှာ အိုမွတ်ရဲ့ တံတောင်က ဆီမန်နစ်ကို ခပ်ပြင်းပြင်း ထိမိခဲ့တာပါ။ 

ဖြစ်ဖြစ်ချင်း နေ့မှာပဲ သူဟာ ခွဲစိတ်ကုသမှု ခံယူခဲ့ပေမယ့် နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေကြောင့် ဒုတိယမြောက် ခွဲစိတ်မှုကို စက်တင်ဘာ ၃ ရက်မှာ ထပ်မံ လုပ်ဆောင်ခဲ့ရပါတယ်။ သူဟာ ထိခိုက်မှု ပြင်းထန်လွန်းတာကြောင့် ပျက်စီးသွားတဲ့ ကျောက်ကပ်တလုံးကို ဆုံးရှုံးခဲ့ပါတယ်။

ဆာဘီးယား အသင်းဆရာဝန် ဒရာဂန် ရာဒိုဗာနိုဗစ်က ဒုတိယမြောက် ခွဲစိတ်မှု အပြီးမှာတော့ ဆီမန်နစ်ဟာ မျှော်လင့်ထားတဲ့အတိုင်း ပြန်လည် နာလန်ထ ကျန်းမာလာမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီး စပိန်ကလပ် ဇာရာဂိုဇာမှာ ကစားနေတဲ့ တိုက်စစ်သမားဟာ လောလောဆယ်တော့ မနီလာမြို့ ဆေးရုံတခုမှာ တက်ရောက်ရင်း အနီးကြပ် စောင့်ကြည့် ကုသမှုကို ခံယူနေရဆဲ ဖြစ်ပါတယ်။ အိုမွတ်ဟာ ဆီမန်နစ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဘယ်လို အထောက်အထားမှ မရှိပေမယ့်လည်း သူကိုယ်တိုင်ကတော့ ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့ ပြိုင်ဘက် ကစားသမားကို အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။

အားကစား သမားတယောက် အနေနဲ့ ဆီမန်နစ်ရဲ့ဒဏ်ရာ အခြေအနေကို ကြားကြားချင်း ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို သဘောပေါက်လိုက်မိကြောင်း၊ ဒီလို အခြေအနေ ဖြစ်သွားတဲ့အတွက် အနူးအညွတ် တောင်းပန်လိုကြောင်း၊ ဘယ်အားကစားသမားမှ အဲဒီ အခြေအနေဆိုးမျိုးကို မကြုံသင့်ကြောင်း သူက ဆိုပါတယ်။

၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘတ်စကက်ဘော ပြိုင်ပွဲကို ဖိလစ်ပိုင်၊ ဂျပန်နဲ့ အင်ဒိုနီးရှားတို့က ပူးတွဲအိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပနေတာ ဖြစ်ပါတယ်။

 

Ref: BBC