စက်တင်ဘာ၊ ၅
မြဝတီခရိုင်ရဲစခန်းတိုက်ခိုက်ခံရတာကြောင့် အရာရှိတချို့ သေဆုံးခဲ့တဲ့ဓာတ်ပုံတွေနဲ့ အသံဖိုင်တချို့ ပေါက်ကြားခဲ့ တာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့စစ်ဆေးခံနေရတယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ရုံးနဲ့ နီးစပ်သူတဦးက DNAကိုပြောပါတယ်။
“ရဲတပ်ဖွဲ့တွေနဲ့ ထွေအုပ်ဝန်ထမ်းတွေကို အဓိက စစ်ဆေးခံနေရတာပါ၊စစ်တာကတော့ ပြည်နယ်ရဲမှူးစေခိုင်း ချက် နဲ့ စစ်တပ်ဘက်က အရာရှိပိုင်းကလို့ ပြောတယ်”လို့ သူက ပြောပါတယ်။
မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို စက်တင်ဘာ ၃ရက် ညနေပိုင်းမှာ နာရီဝက် ဝန်းကျင်အတွင်း နှစ်ကြိမ် ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခံခဲ့ရတာပါ။
ပထမအကြိမ် တိုက်ခိုက်မှုမှာ လူထိခိုက်မှုမရှိပေမယ့် အဲ့ဒီဖြစ်စဉ်အခြေအနေကို လာကြည့်တဲ့ ခရိုင်အဆင့်ဌာန ဆိုင်ရာအရာရှိတွေနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိပိုင်းတချို့ဒရုန်းနဲ့ ထပ်မံတိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးဒဏ်ရာရ သူ တွေရဲ့ဓာတ်ပုံတွေ၊ဖြစ်စဉ်အခြေအနေသတင်းပေးပို့တဲ့အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ Facebook နဲ့ လူမှုကွန်ယက် စာမျက်နှာတွေ ပျံ့နှံ့ခဲ့ပါတယ်။
“ကျွန်တော်တို့ ဌာနဆိုင်ရာဝန်ထမ်းတွေမှာကလေ တချို့အချက်အလက်တွေကို ပြန်မျှဝေလို့ မရတာရှိတယ်လေ၊ အခုဖြစ်စဉ်မှာ လူကြီးတွေလည်း သေကြေထိခိုက်ကြတော့ ကြေညာချက်မထုတ်ပြန်ရသေးဘဲနဲ့ ဘာဖြစ်လို့ ဒီဟာ တွေ အပြင်ကို ပေါက်ကြားရတာလဲပေါ့” လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူက လက်ရှိစစ်ဆေးခံနေကြရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
ပျံ့နှံ့ခဲ့တဲ့ အချက်အလက် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ ဖြန့်ဝေခဲ့တဲ့အတွက် ခရိုင်နဲ့မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်တွေနဲ့အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနဝန်ထမ်း တချို့ကို အမြန်ဆုံးစစ်ဆေးမေးမြန်းပြီး ပြန်လည်တင်ပြဖို့ မနေ့က ညွန်ကြားချက်ထွက်ထားတယ် လို့ဆိုပါတယ်။
“အဓိက ကြေးနန်းပိုင်းကိုင်တဲ့သူတွေရယ်၊ ထွေအုပ်ကဆိုရင် ဒုဦးစီးနဲ့ အခြားဝန်ထမ်းတွေ အဲဒါနဲ့ ပတ်သက်တဲ့သူ တွေပေါ့၊ ပြီးတော့ စစ်သားတွေ လည်းပါတယ်၊မနက်ကခေါ်ယူမေးမြန်းတယ်၊အားလုံးနီးပါးကို အဲဒီထဲကမှ တာဝန် ရှိသူတွေနဲ့ ဖြန့်ခဲ့တဲ့ သူတွေကို ခုစစ်ကြောရေးပုံစံမျိုးပေါ့၊စစ်ဆေးနေတာ” လို့ အဲဒီ နီးစပ်သူက ပြောပါတယ်။
အဲဒီလိုမျိုးစစ်ဆေးတဲ့အခါမှာ ဝန်ထမ်းတွေကို ဆူပူကြိမ်းမောင်းတာတွေအပြင် လက်နက်ပြပြီး ခြိမ်းခြောက် ပြော ဆိုတာမျိုးအထိ ရှိပေမယ့် ကိုယ်ထိလက်ရောက်ရိုက်နှိက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဆေးချက်ပေါ်ပေါက်လာပါက ကျူးလွန်တဲ့ဝန်ထမ်းတွေကို ရာထူးလျှော့ချတာ၊ နယ်ပြောင်းရွေ့ တာတွေ လုပ်ဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိစစ်ဆေးခံရနေရတဲ့ ဝန်ထမ်းဘယ်နှစ်ဦးရှိသလဲဆိုတာနဲ့ ဝန်ထမ်းတွေရဲ့ ဌာန၊ အမည်၊ ရာထူး အဆင့်တွေ ကိုတော့ DNA ရဲ့ သတင်းရင်းမြစ်က ပြောပြလိုခြင်းမရှိပါဘူး။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကော်ဘရားစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ခရိုင်အုပ်ချုပ် ရေးမှူးအ ပါအဝင် ငါးဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန် ထားပါတယ်။
အဲဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာ မြဝတီမြို့နယ်အတွင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်တွေ၊ လက်နက်ကိုင်မ ဟုတ်တဲ့အရပ်ဘက် ဝန်ထမ်းတွေ၊ မိသားစုဝင်တွေအနေနဲ့ သက်ဆိုင်ရာဌာနရုံး၊ ရုံးခန်းတွေနဲ့ ဝန်ထမ်းအိမ်ယာ တွေကနေ စွန့်ခွာဖယ်ရှားပေးဖို့ Federal Wings ဒရုန်းတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်မှာ သတိပေးထုတ်ပြန်ထား ပါတယ်။