တမူး -ကလေး ကားလမ်းပိတ်တာ သုံးလနီးပါးကြာလာလို့ ဒေသခံတွေ ပိုကျပ်တည်း

စက်တင်ဘာ၊ ၅

ကလေး – တမူး ကားလမ်းပိတ်တာ သုံးလဝန်းကျင်နီးပါးကြာမြင့်လာလို့ ကုန်စျေးနှုန်းကြီးမြင့်မှုသာမက စက်သုံးဆီစျေးနှုန်းမတည်ငြိမ်မှုတွေကြောင့် ဒေသခံလက်လုပ်လက်စားလူတန်းစားဟာ ပိုမိုကျပ်တည်းလာတယ်လို့ တမူးဒသခံတွေက ပြောကြပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနှင့်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားတဲ့ ဇွန်လ ၁၅ ရက်ကစပြီး ကလေး – တမူးကားလမ်းမကြီးကို နှစ်ဖက်စလုံး ပိတ်ခဲ့တာဖြစ်ပြီး အခုအချိန်ဆိုရင် သုံးလနီးပါးကြာမြင့်လာပြီဖြစ် တယ်လို့သိရပါတယ်။

 အဲဒီလို ကားလမ်းပိတ်ထားတာကြောင့် တမူးမြို့မှာ စက်သုံးဆီစျေးနှုန်းသာမက စားသောက်ကုန်ပစ္စည်းစျေးနူန်းတွေပါ အဆမတန် လိုက်ပါမြင့်တက်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

” ဓာတ်ဆီက တဂါလံနှစ်သောင်းခြောက်ထောင်။ ကြက်ဥက တလုံးရှစ်ရာ။ ငါးလုံးဝယ်ရင်နှစ်လုံးအပုပ်ပါတယ်။ ကော်ဖီထုပ်တစ်ထုပ်တထောင်၊ထောင့်နှစ်ရာ။ အာလူးတလုံးငါးရာ၊ခြောက်ရာ။ ကုလားပဲတဗူးငါးရာ ” လို့အိမ်ရှင်မတဦးကဆိုပါတယ်။

‘’ကြက်သားတို့ဘာတို့ကတော့ မစားရမယ့်ဟာလို့သဘောထားတာကြာပြီ’’ လို့ဖြည့်စွက်ပြောပါတယ်။

တမူးမြို့နဲ့ မိုင်ရှစ်ဆယ်ကျော်သာကွာတဲ့ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံကို တသောင်းငါးထောင်စျေးရှိတာကြောင့် တသောင်းကျော်နဲ့ ကလေးမြို့မှာကြက်ဥ တလုံးလေးရာကျပ်ပေးရပြီး တမူးမှာတလုံးရှစ်ရာကျပ်ပေးဝယ်နေရတာကြောင့် နှစ်ဆကွာဟနေတာဖြစ်ပါတယ်။

တချို့စားသောက်ကုန်ပစ္စည်းတွေကတော့နှစ်ဆမကစျေးနှုန်းကွာဟမူရှိနေပြီးကလေးမြို့မှာ တပိဿာလေးထောင်ပေးရတဲ့အာလူးကို တမူးမှာနှစ်သောင်းအထိပေးဝယ်နေရပြီး ကလေးမှာတပိဿာသုံးထောင့်နှစ်ရာပေးရတဲ့ခရမ်းချဉ်သီးကို တသောင်းပေးရတယ်လို့သိရပါတယ်။

အဲဒီလို စားသောက်ကုန်စျေးနူန်းတွေကြီးမြင့်တာကြောင့် တမူးမြို့က လက်လုပ်လက်စားလူတန်းစားတွေသာမက လူလတ်တန်းစားတွေပါ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” အဓိကကတော့ ထမင်းနဲ့ပဲအားပြုစားကြရတယ်။ ခရမ်းချဉ်သီးတပတ်ကိုအစိတ်သားလောက်ဝယ်တယ်။ တရက်တလေ အာလူးနှစ်လုံးဝယ်ပြီးပဲနဲ့ရောချက်တယ်။ ချဉ်ပေါင်စိုက်ထားတာရှိတယ်။ ဒီလိုဖြစ်သလိုလှည့်ပတ်စားနေရတာပဲ” လို့ဒေသခံတဦးကဆိုပါတယ်။

ဒါပေမယ့် တမူးမြို့နယ်ဟာ စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ ဒေသဖြစ်တဲ့အတွက် အဓိက အားပြုစားတဲ့  ဆန်နဲ့ ဆီထွက်ရှိတဲ့အတွက်  ဆန်စျေးနဲ့ စားသုံးဆီစျေးတွေတော့သိပ်မတက်ဘူးလို့လည်းဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် တမူးမြို့က အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်ရှားပါးမူတွေနဲ့ရင်ဆိုင်နေကြရပြီး အများစုဟာ ခမ်းပတ်နဲ့တမူးအကြား ဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ်ကိုလုပ်ကိုင်ကြပြီးခတ်းပတ်က ကုန်ပစ္စည်းတချို့ကို တမူးမှာပြန်ရောင်းကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

”  ဆီဖိုးနဲ့အများကြီးကျန်ဘူး။  တမူးကနေခမ်းပတ်၊ ခမ်းပတ်ကနေတမူးအသွားအပြန်တခေါက်လေးငါးသောင်းပဲကျန်တယ်။ဒါကလည်းတပတ်မှ နှစ်ခေါက်၊သုံးခေါက်ပါ” လို့ဒေသခံဆိုင်ကယ်ကယ်ရီဆွဲသူ တဦးကပြောပါတယ်။

 တမူးမြို့ကနေ  ကလေးမြို့ကိုသွားမယ်ဆိုရင် ကလေး – တမူး အာရှလမ်းမကြီးကို စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာကြောင့်ဆိုင်ကယ် ကယ်ရီနဲ့ အိန္ဒိယနိုင်ငံထဲကပတ်ပြီး ခမ်းပတ်မြို့ကိုအရင်သွားကြရတယ်လို့သိရပါတယ်။ ခမ်းပတ်ကနေတဆင့်ကလေးမြို့ကိုထပ်မံကားစီးသွားကြရပါတယ်။

 အိန္ဒိယနိုင်ငံထဲကို ဆိုင်ကယ်တွေသာဖြတ်လို့ရပြီး ကားအသုံးပြုမယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံဘက်က ကားတွေကိုသာ ငှားရမ်းအသုံးပြုကြရတာဖြစ်တယ်လို့ဆိုပါတယ်။

“အာရှလမ်းမကြီးအတိုင်းသွားလို့ရရင် ဆိုင်ကယ်နဲ့နာရီဝက်ခရီးပဲ။ ဟိုဘက်ကတောလမ်းအတိုင်းဆိုင်ကယ်နဲ့ ခမ်းပတ်ကိုလေးနာရီကြာတယ်” လို့ နောက်ထပ်ဒေသခံတဦးကဆိုပါတယ်။

ခမ်းပတ်ကနေ တပိုင်တနိုင်ဆိုင်ကယ်နဲ့စားသောက်ကုန်ပစ္စည်းတွေကိုသယ်ယူတာဟာ သယ်ယူသူတွေအဖို့ အမြတ်အစွန်းသိပ်မကျန်သလို မြို့အတွက်လည်းလုံလောက်မှုမရှိလို့ကုန်ပစ္စည်းတွေကို အောက်ပိုင်းကနေ တမူးမြို့ကိုရောက်အောင် ရေတတန်၊ကုန်းတတန်ကွေ့ပတ်သယ်ဆောင်ကြရတယ်လို့မြို့ခံတွေကဆိုပါတယ်။

” ကလေးဝကိုရောက်အောင်သယ်။ ကလေးဝကနေ ချင်းတွင်းမြစ်အတိုင်း တုံဟဲကိုဆန်တက်။ တုံဟဲကနေ တောင်ပေါ်လမ်းတွေအတိုင်း ကားနဲ့သနန်၊မြို့သစ်ကိုရောက်။ တမူးရောက်ဖို့အနည်းဆုံးလေးငါးရက်ကြာတယ်” လို့ မုံရွာနဲ့ မန္တလေးဘက်နေ တမူးအရောက် သယ်ယူရတဲ့လမ်းကြောင်းကို မြို့ခံတဦးကပြောပါတယ်။

အိန္ဒိယနယ်စပ်တမူးမြို့ဟာ ကလေးမြို့ဘက်ကိုသွားတဲ့အာရှလမ်းမကြီးပိတ်ထားတာအပြင်အိန္ဒိယ နိုင်ငံမိုးရေးနယ်ဘက်ကို လည်းသွားလာလို့မရတာ ငါးလလောက်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့မေလက အိန္ဒိယနိုင်ငံ၊ မိုးရေးနယ်မှာ ကွတ်ကီးနဲ့ကသဲလူမျိုးတွေအထိကရုဏ်းဖြစ်ပွားခဲ့တာကြောင့် မိုးရေးပြည်နယ်အစိုးရက ဝင်ခွင့်ပိတ်ထားခဲ့တာပါ။

ဒါ့ကြောင့် ကလေးနယ်ဘက်ရော၊အိန္ဒိယဘက်ပါပိတ်နေတဲ့အတွက် တမူးမြို့နယ်က ကျန်းမာရေးမကောင်းသူအများစုဟာ ဆေးဝါးကုသဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

” အရင်ကတော့ တမူးကဆေးကုရင် ကလေးသွားကုတာရှိသလို မိုးရေးမှာလည်းသွားကုကြတယ်။ အခုကိုယ့်မြို့နဲ့ကိုယ်ဖြစ်သလိုပဲကုသနေကြတယ်။ လမ်းခရီးကခက်ခဲလွန်းတော့အသက်အရွယ်ကြီးသူတွေက မသွားချင်ကြတော့ဘူး။ လို့ဒေသခံတဦးတဦးကပြောပါတယ်။