ယင်းမာပင် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

စက်တင်ဘာ၊ ၅
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၁)က တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဟာ စက်တင်ဘာလ ၄ ရက်၊ မနက် ၉ နာရီခန့်မှာ စစ်ကောင်စီစစ်ကြောင်း လာရာလမ်းမှာ မိုင်းထောင်နေစဉ် မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။
 
“ မိုးတွေ အရမ်းရွာနေတဲ့ချိန်မှာ ဘတ္ထရီနဲ့ မိုင်းနဲ့ တွဲတဲ့ချိန်မှာ ဝိုင်ယာရှော့ဖြစ်ပြီး မိုင်းကွဲသွားတာပေါ့နော် “ လို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG-PDF)တပ်မဟာ တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
ယင်းမာပင်ခရိုင် တပ်ရင်း (၂၁)၊ ကျောက်လုံးကြီး (KLG-PDF) အဖွဲ့က တော်လှန်ရေး ရဲဘော် ခြောက်ဦးဟာ စစ်ကောင်စီ လာရာလမ်းကြောင်းမှာ မိုင်းထောင်နေ စဉ် မိုးရွာသွန်းနေတာကြောင့် ဝိုင်ယာရှော့ဖြစ်ပြီး မိုင်းပေါက်ကွဲခဲ့တာပါ။
 
အခုလို မိုင်းမတော်တဆမှုကြောင့် ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၁) ကျောက်လုံးကြီး (KLG-PDF) အဖွဲ့မှ ဒုတပ်စိတ်မှူး ဖြစ်သူ အသက် ၂၁ နှစ်အရွယ်ရှိတဲ့ ကိုသက်ပိုင်စိုး ကျဆုံးခဲ့ပြီး အမိန့်ပြန်တမ်းနဲ့အတူ အဲဒီနေ့ကပဲ မီးသဂြိုလ်ပေးလိုက်တယ်လို့ သိရပါတယ်။
 
ကိုသက်ပိုင်စိုးဟာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ဇာတိဖြစ်ပြီး တော်လှန်ရေး မစခင်က အထက်တန်းကျောင်းသားဖြစ်ကာ မောင်နှမ ငါးဦးအနက် တတိယမြောက်သားဖြစ်တယ်လို့လည်း သိရပါတယ်။‌
 
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက KLG-PDF မှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး အခုလိုကျဆုံးသွားတာဟာ တော်လှန်ရေးအတွက် ဆုံးရှုံးမှုတခုဖြစ်တယ်လို့လည်း အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
“ အဲ့ညီလေးက တိုက်ပွဲတိုင်းမှာလည်း အမြဲလိုလို သူပါတယ်။ သူက ကျွန်တော်တို့အဖွဲ့ရဲ့ အချစ်ဆုံးညီလေး ဖြစ်နေတာပေါ့။ တခုခု လုပ်မယ်ဟေ့ဆိုလည်း သူကရှေ့ဆုံးက ဦးဆောင်ပြီးလုပ်တယ်။ အဲ့ညီလေး ကျဆုံးသွားတာက တော်လှန်ရေးအတွက်ရော ကျတော်တို့အတွက်ရော ဆုံးရှုံးမှုကြီးတရပ်ပဲ “ လို့လည်း ပြောပါတယ်။
 
ကျောက်လုံးကြီး (KLG-PDF) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလတည်းက ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၁)၊ (၂၂)၊ (၂၃) တို့နဲ့ စတင် ဖွဲ့စည်းခဲ့ပြီး အဲဒီဖွဲ့စည်းချိန်ကနေ အခုအချိန်ထိ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၅ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – KLG-PDF