အင်းတော်မြို့ စစ်ခုံရုံးက အရပ်သားလေးဦးကို ထောင်ဒဏ်တသက်အပါအဝင် ပြစ်ဒဏ်တွေ ချမှတ်

စက်တင်ဘာ၊ ၅
 
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက အရပ်သား လေးဦးကို ဒီလ ၂ ရက်က ထောင်ဒဏ်တသက်တကျွန်း အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ Indaw Revolution-IR က အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ လေးဦးစလုံးက အင်းတော်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတာပေါ့။ နှစ်ယောက်ကတော့ သတင်းပေးလိုက်လို့ အတိအကျ ဖမ်းခံရတဲ့သူတွေ ပါတယ်။ သူတို့ကိုပဲ ကားပေါ်က ဆွဲချဖမ်းလိုက်တာ သူတွေပေါ့ ” လို့ သူက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အင်းတော်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ အရပ်သားတွေဖြစ်တဲ့ ကိုဇော်မျိုးနိုင်၊ ကိုတင်မောင်ဝင်း၊ မသီတာဝင်း နဲ့ ကိုကျော်သက်တို့ လေးဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာပါ။
 
အဲဒီအထဲမှာ မသီတာဝင်းနဲ့ ကိုတင်မောင်ဝင်းတို့ နှစ်ဦးကို နာမည်စာရင်း အတိအကျနဲ့ ဖမ်းဆီးခဲ့တာလို့ သူကဆိုပါတယ်။
 
ကိုဇော်မျိုးနိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)၊ ကိုတင်မောင်ဝင်းကို ပုဒ်မ ၅၀(ည) နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄(ဂ) အရ ထောင်ဒဏ် တစ်သက်တကျွန်း၊ ကိုကျော်သက်နဲ့ မသီတာဝင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ၅၂(ခ) အရ ထောင်ဒဏ် ခုနှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။
 
အင်းတော်မြို့ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်ပေါင်း ၄၇ မြို့နယ်မှာ ပါဝင်တဲ့အတွက် အရပ်ဖက်တရားရုံးနဲ့ မစီရင်ဘဲ သက်ဆိုင်ရာ စစ်တိုင်းမှူးရဲ့အမ်ိန့်နဲ့ အခုလို စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။
 
ထောင်ဒဏ်ကျခံရသူ လေးဦးအနက် ကိုဇော်မျိုးနိုင်ကတော့ အင်းတော်မြို့၊ ညောင်ပင်စုရပ်ကွက် နေထိုင်သူတဦး ဖြစ်ပြီး သာမန်အရပ်သားတဦးသာ ဖြစ်သလို ကျန်သုံးဦးကတော့ ဘယ်အရပ်ဒေသက လာသူတွေဆိုတာ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
 
“ စစ်တပ်ကုန်းမှာပဲ ရှိသေးတယ် ကသာအကျဉ်းထောင်ကို ပို့မယ်လို့တော့ သိရတယ်။ ဒီလထဲမှာ အခုပထမဆုံး ထောင်ဒဏ်တွေ ချမှတ်ခံရတာပေါ့နော်။ ပြီးခဲ့တဲ့လတုန်းကတော့ အရပ်သားပြည်သူ ခြောက်ဦးကို အခုလိုပဲ ထောင်ဒဏ်တသက်တွေနဲ့ နှစ်ရှည်တွေ ချမှတ်ခဲ့သေးတယ် ” လို့ သူကပြောပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်တုန်းကလည်း အင်းတော်မြို့ စစ်ခုံရုံးက မုံရွာ-မြစ်ကြီးနား ခရီးသည်တင်ယာဉ်မောင်း တဦးအပါအဝင် အမျိုးသားလေးဦးကို ဖမ်းဆီးပြီးနောက် သေဒဏ်တွေ ချမှတ်ခဲ့ပါသေးတယ်။
 
လက်ရှိအင်းတော်မြို့ရဲ့ အဓိက မြို့အဝင်အထွက် သုံးနေရာလောက်ကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေသလို အသက် နှစ်ဆယ်အရွယ် လူငယ်တွေကို စစ်ဆေးစဉ် ဖုန်းနဲ့ မှတ်ပုံတင်ကို အဓိကထား စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှာ စစ်ကောင်စီက တိုင်းနဲ့ပြည်နယ် ရှစ်ခုက မြို့နယ်ပေါင်း ၃၇ မြို့ကို စစ်အုပ်ချူပ်ရေး ကြေညာရာမှာ အင်းတော်မြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။
 
စစ်အုပ်ချူပ်ရေး ကြေညာခံထားရပြီးနောက် အင်းတော်မြို့နယ်မှာ အခုလို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ၁၅ ဦးကျော်လောက်ရှိပြီး ယခုထက်လည်း များပြားနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီလ ၄ ရက်အထိ အရပ်သား ၂၄,၆၇၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၁၉,၈၈၇ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်သလို ၇,၂၉၁ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Fifty Two News