ရည်းစားဟောင်းကို အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရတဲ့ အန်တိုနီကို ဘရာဇီး လက်ရွေးစင်အသင်းကနေ ဖယ်ရှား

စက်တင်ဘာ၊ ၅

ကွင်းပြင်ပ အရှုပ်အထွေးတွေ ကြုံနေတဲ့နောက် မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား အန်တိုနီဟာ ဘရာဇီး လက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ် ခံလိုက်ရပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ရည်းစားဟောင်းအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲထားပြီး အဲဒီကိစ္စကို ဆာအိုပေါ်လိုနဲ့ မန်ချက်စတာ မြို့တွေရဲ့ ရဲတပ်ဖွဲ့တွေက စုံစမ်းနေပါတယ်။ အန်တိုနီကတော့ ရည်းစားဟောင်း ဂေဘရီရယ်လ် ကာဗလင်းရဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း တုံ့ပြန်ပြီး သူ့မှာ အပြစ်မရှိဘူး ဆိုတဲ့ အမှန်တရားကို ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုအတွင်း သက်သေ ပြနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။

သူဟာ ဇန်နဝါရီ ၁၅ ရက်က မန်ချက်စတာမှာရှိတဲ့ ဟိုတယ်တခုထဲမှာ ကာဗလင်းကို ခေါင်းနဲ့ ဆောင့်တိုက်ခဲ့တာကြောင့် အမျိုးသမီးရဲ့ ခေါင်းကွဲသွားပြီး ဆရာဝန်ဆီမှာ ကုသမှု ခံယူခဲ့ရတယ်လို့ စွပ်စွဲ ခံထားရပါတယ်။ ကာဗလင်းက အန်တိုနီဟာ သူ့ရင်ဘတ်ကို လက်သီးနဲ့ ထိုးတာကြောင့် ဆီလီကွန် ထည့်ထားတဲ့ ရင်သား ပုံစံပျက်သွားလို့ ပြန်လည် ခွဲစိတ် ပြင်ဆင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

အန်တိုနီကတော့ သူနဲ့ ကာဗလင်းကြားမှာ စကားအခြေအတင် အငြင်းပွားတာတွေ ဖြစ်ခဲ့ဖူးပေမယ့် ဘယ်တုန်းကမှ လက်မပါခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ယူနိုက်တက် အသင်းဖက်ကတော့ လက်ရှိ အခြေအနေမှာ ဘာသဘောထား မှတ်ချက်မှ မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ကတော့ ဖြစ်ပျက်နေတဲ့ ပြဿနာအရ စွပ်စွဲသူရော၊ စွပ်စွဲခံရသူအတွက်ပါ အဆင်ပြေမယ့် နည်းလမ်းအဖြစ် အန်တိုနီကို လက်ရွေးစင် လူစာရင်းကနေ ယာယီ ထုတ်ပယ်ထားဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာပါတယ်။

ယူနိုက်တက်ဟာ ကစားသမားတွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုဆန်တဲ့ မှုခင်းတွေနဲ့ ပတ်သက်ပြီး ဆက်တိုက် ခေါင်းခဲစရာတွေ ကြုံနေတယ်လို့ ဆိုနိုင်ပါတယ်။ မကြာသေးခင် ရက်ပိုင်းကမှ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာလည်း ချစ်သူ အမျိုးသမီးကို အကြမ်းဖက် ရိုက်နှက် နှိပ်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယူနိုက်တက် လူစာရင်းကနေ မဖြစ်မနေ ဖယ်ရှား အရေးယူခဲ့ရပါတယ်။ ဂရင်းဝုဒ်အပေါ် စွဲချက်တင်မှုကို ပယ်ဖျက်ပေးခဲ့ပေမယ့် ပြင်းထန်တဲ့ ဆန္ဒပြ ဝေဖန်မှုတွေကြောင့် အသင်းက သူ့ကို လုံးဝ ပြန်လည် နေရာမပေးတော့ဖို့ ရွေးချယ် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီး အသင်းဟာ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ အန်တိုနီအစား အာဆင်နယ် တိုက်စစ်မှူး ဂေဘရီရယ်လ် ဂျေဇုစ်ကို အစားထိုး ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

 

Ref: BBC