ပုလဲမြို့နယ်က အမျိုးသမီး PDF တပ်ဖွဲ့ဝင် သုံးဆယ်ကို NUG ကထောက်ပံ့ငွေ​ပေးအပ်

စက်တင်ဘာ၊ ၄

စစ်ကိုင်တိုင်း၊ပုလဲမြို့နယ်အတွင်းက အမျိုးသမီး PDFတပ်ဖွဲ့ဝင် သုံးဆယ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တဦးကျပ်ငါးသောင်းနှုန်းနဲ့ ထောက်ပံ့ကြေးကျပ်ငါး သိန်း ပေးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ကိုဇော်ထက်ကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် ဆိုင်ရာဝန်ကြီးဌာနက ယင်းမာပင်ခရိုင် PDF တပ်ရင်း ကိုးခုက အမျိုးသမီး PDF တပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂ရက်မှာ  ထောက်ပံ့ငွေတွေပေးအပ်ခဲ့တာပါ။

“ပုလဲနယ် အခြေစိုတ်တပ်ရင်းက အမျိုးသမီးရဲဘော် အကုန်လုံးတော့မဟုတ်ပါဘူး၊အဲ့ထဲက အယောက်သုံးဆယ်ကို တော့ ထောက်ပံ့တာရှိတယ်၊အမျိုးသမီးတွေက တကိုယ်ရည်လိုအပ်ချက်ရှိတယ်လေ၊အဲ့ဒါကြောင့် အမျိုးသမီးတွေ ကို ထောက်ပံ့တာပါ” လို့  ကိုဇော်ထက်က ပြောပါတယ်။

ထောက်ပံ့ငွေတွေကိုတော့ ပုလဲမြို့နယ် အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ဆိုင်ရာတာဝန်ခံနဲ့ ပုလဲမြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက သက်ဆိုင်ရာတပ်ရင်းတွေကို သွားရောက်ပေးအပ်ခဲ့တာလို့ သိရပါတယ်။

“ကျွန်တော်တို့ကပုလဲနယ်ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ တာဝန်ခံနဲ့ သွားပြီးဆောင်ရွက်ပေးခဲ့တာပေါ့၊ ဥပမာတပ်ရင်းတရင်းကို သုံးဦးထောက်ပံ့တာရှိတယ်ပေါ့ဗျ ၊တချို့တပ်တွေကျတော့ လူအရေအတွက်များတော့ လေးဦးထောက်ပံ့တာရှိတယ်။ ပုံသေတော့မဟုတ်ဘူးပေါ့ဗျာ၊ ရလာတဲ့ငွေကိုမှ သူတပ်ရင်းမှူးက အညီအမျှခွဲ ပေးတာပေါ့ “လို့ ကိုဇော်ထက်ကဆိုပါတယ်။

ပုလဲမြို့နယ်အတွင်းက PDF တပ်ရင်းတပ်ဖွဲ့တွေမှာ အမျိုးသမီးတပ်ဖွဲ့ဝင် စုစုပေါင်း ၇၄ဦးရှိပေမယ့် ငွေကြေးလို အပ်ချက်ကြောင့် အခုတကြိမ်မှာ သုံးဆယ်ဦးကိုသာ ထောက်ပံ့ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။