အရှေ့တောင်အာရှ တနံတလျားထိ လက်တံရှည်ခဲ့တဲ့ အွန်လိုင်း လောင်းကစား ဒုစရိုက်ခေါင်းဆောင်

စက်တင်ဘာ၊ ၄
 
သူက အလှူအတန်း ရက်ရောသူ တစ်ယောက်ပါ။ ပြီးတော့ ကမ္ဘောဒီးယားက အဆက်အသွယ် အင်မတန်ကောင်းတဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တချို့နဲ့ ညစာ အတူဝိုင်းဖွဲ့ သုံးဆောင်နေတာမျိုးလည်း တွေ့ရတတ်ပါတယ်။ ရှီကျီကျန်းဟာ သူ့ကိုယ်သူ စီးပွားရေး လုပ်ငန်းရှင် တယောက်လို့ ညွှန်းဆိုလေ့ ရှိပါတယ်။ တကယ်တမ်းကျတော့ သူဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ လက်တံတွေ ရှည်ရှည်လျားလျား ဖြန့်ကျက်ထားရာ လောင်းကစားနဲ့ အွန်လိုင်း လိမ်လည်မှု ဒုစရိုက် အင်ပါယာကြီး တခုရဲ့ နောက်ကွယ်က ကြိုးကိုင်သူ မာစတာဘရိန်းတဦး ဖြစ်နေပါတယ်။
ရှီရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ကြည့်မယ်ဆိုရင် စင်ကာပူ နည်းပညာ တခုကို သုံးပြီး ခရစ်ပ်တိုငွေကြေး (ဒစ်ဂျစ်တယ်) ငွေကြေးတွေနဲ့ ချိတ်ဆက်ပြီး ငွေအလွှဲအပြောင်း လုပ်သလို မလေးရှားနဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကို ချိတ်ဆက်နိုင်ခဲ့တယ်။ အဲဒီနောက် ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာလည်း ကာစီနို လုပ်ငန်းတွေ ဖြန့်ကျက်ခဲ့ပြန်တယ်။ အခုတော့ အဲဒီနိုင်ငံတွေမှာ လောင်းကစားကို ဥပဒေကြောင်းနဲ့ စတင် ပိတ်ပင်ထားလိုက်ပါပြီ။
အသက် ၄၁ နှစ်အရွယ် ရှီဟာ ဗြိတိန်နိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာရှိတဲ့ ကုမ္ပဏီပေါင်း မြောက်မြားစွာနဲ့ ဆက်စပ်မှုတွေ ရှိနေတယ်။ ဟူနန်မှာ သာမန် စီးပွားရေးသမား ပေါက်စနလေးအဖြစ် ဘဝကို စခဲ့တဲ့ ရှီဟာ ခြေလှမ်းကျယ်လာတဲ့ အချိန်မှာတော့ အဲဒီ နိုင်ငံပေါင်းစုံ ကုမ္ပဏီတွေကို ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ငွေကြေးတွေ ခဝါချရာ ရင်းမြစ်တွေအဖြစ် အသုံးပြုလာပါတော့တယ်။
တရုတ်ဝက်ဘ်ဆိုက် Ciaxinရဲ့ ဖော်ပြချက်အရ ရှီကိုင်လွန်၊ တန်ကိုင်လွန်ဆိုတဲ့ နာမည်ပွားတွေကိုပါ အသုံးပြုလေ့ရှိတဲ့ ရှီဟာ မြန်မာနဲ့ ကမ္ဘောဒီးယား အခြေစိုက် ငွေကြေး လိမ်လည်မှု ဒုစရိုက် လုပ်ငန်းတွေ၊ လူမှောင်ခို လုပ်ငန်းတွေနဲ့လည်း အဆက်အစပ် ရှိနေတယ်လို့ သိရပါတယ်။
ရှီပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Yatai International Holdingsဟာ Facebookပေါ်မှာ လိမ်လည် လှည့်ဖျားတဲ့ ကြော်ငြာတွေတင်ပြီး ကိုဗစ် ကပ်ရောဂါအလွန် လုပ်ခလစာ ကောင်းမွန်တဲ့ အလုပ်တွေ လျှောက်ထားဖို့ ဆွဲဆောင်ပါတယ်။
အာဖရိကတိုက်နဲ့ အာရှတိုက်ထဲမှာ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့၊ ဒါမှမဟုတ် မစို့မပို့ လုပ်ခလေးနဲ့ အလုပ်လုပ်နေရတဲ့ ရာပေါင်းများစွာသော လူငယ်တွေဟာ အဲဒီ ငါးစာတွေကို ကံဆိုးစွာနဲ့ပဲ တည့်တည့်ကြီး ဟပ်မိကုန်ကြပါတယ်။ တကယ်တမ်းကျတော့ သူတို့ဟာ ကတိပေးထားတဲ့ အလုပ်ခွင်မျိုးဆီ ရောက်မသွားဘဲ မြန်မာနိုင်ငံ နယ်စပ် အစွန်အဖျားမှာရှိတဲ့ ရွှေကုက္ကို အထူးစီးပွားရေးဇုန်ထဲက လောင်းကစားရုံတွေ၊ လိမ်လည်တဲ့ ဒုစရိုက် လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံရတဲ့ အခြေအနေမျိုးမှာ လမ်းဆုံးကုန်တယ်။ အမေရိကန် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (USIP)က ရွှေကုက္ကိုရဲ့ အဓိက ကျောထောက်နောက်ခံဟာ ရှီကိုယ်တိုင်ဖြစ်ပြီး ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီး မြှုပ်နှံထားကြောင်း ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်မှုအရ ရွှေကုက္ကိုမှာ အဓမ္မ ခိုင်းစေ ခံနေရသူတွေထဲမှာ စင်ကာပူ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ရှီဟာ တရုတ်မှာ မွေးဖွားခဲ့တဲ့အတွက် ကနဦးအဆင့် ဖိလစ်ပိုင်မှာ အွန်လိုင်း လောင်းကစား ကွန်ရက်တွေ အစပြုချိန်မှာ သူ့ရဲ့ ပစ်မှတ်ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ခဲ့ပါတယ်။ တရုတ် အစိုးရက တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေကို အင်တိုက်အားတိုက် ဖြိုခွင်းလာတဲ့ အချိန်ကျတော့ ရှီတယောက် ဘေးလွတ်ရာ ရှောင်ရပါတော့တယ်။
၂၀၂၀ ပြည့်နှစ်ကစလို့ တရုတ် ရဲတပ်ဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုပေါင်း ၂၄၀၀၀ နဲ့ ဆက်စပ်တဲ့ လူပေါင်း ၁၃၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးပါပြီ။
ဒီတော့ တခြားသော အွန်လိုင်း လောင်းကစား လုပ်ငန်းရှင်တွေလိုပဲ ရှီလည်း ပြည်ပြေးတဦး ဖြစ်လာပြီး ကမ္ဘောဒီးယားကို ပြောင်းရွှေ့ အခြေချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ သူဟာ ကမ္ဘောဒီးယား နိုင်ငံသား ခံယူခွင့် ရခဲ့ပါတယ်။
ရှီနဲ့ ဆက်စပ်တဲ့ သူ့ရဲ့ ကြံရာပါတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ အစောပိုင်းကတည်းက စင်ကာပူ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပါတယ်။ အဲဒီထဲမှာ အွန်လိုင်း လောင်းကစားမှုနဲ့ ဆက်နွှယ်တဲ့ တရုတ်နိုင်ငံသား တော်တော်များများလည်း ပါ​ဝင်ခဲ့ပါတယ်။ စင်ကာပူ အခြေစိုက် Straits Times သတင်းစာက နိုင်ငံအနှံ့မှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စီမံချက်နဲ့ ဖမ်းဆီးရမိတဲ့ သံသယရှိသူ ၁၀ ဦးမှာ ၉ ဦးဟာ ကမ္ဘောဒီးယား နိုင်ငံသား ခံယူထားသူတွေလို့ ဖော်ပြပါတယ်။
ကမ္ဘောဒီးယား အစိုးရထုတ် သတင်းစာမှာတော့ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လကနေ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ဖမ်းဆီးခံရတဲ့ အသစ်ကျပ်ချွတ် နိုင်ငံသား ၉ ဦးရဲ့ နာမည်တွေကို စာရင်းနဲ့တကွ ဖော်ပြဖူးပါတယ်။
၂၀၂၁ ခုနှစ်မှာ တရုတ် အစိုးရက နိုင်ငံတကာ ရဲတပ်ဖွဲ့မှာ ရှီကို ထိပ်တန်းပစ်မှတ် Red Notice စာရင်းသွင်းခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လထဲမှာတော့ ဘန်ကောက်မှာ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးရမိခဲ့တယ်။ ထိုင်းအာဏာပိုင်တွေက သူ့ကို တရုတ်ဆီ ပြန်ပို့ဖို့ ရည်ရွယ်ထားပေမယ့် ဥပဒေကြောင်းအရ သူဟာ တရုတ်နိုင်ငံသား မဟုတ်တော့ဘူးလို့ ရှီက ပြင်းပြင်းထန်ထန် ခုခံ ငြင်းဆိုနေတာကြောင့် အဲဒီကိစ္စဟာ မရေမရာ ဖြစ်နေဆဲပါပဲ။
ရှီကို ဖမ်းမိပြီး နောက်ပိုင်းကျမှ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့တွေဟာ သူ့ရဲ့ ဒုစရိုက် အင်ပါယာ ဘယ်လောက် ကျယ်ပြန့်နေသလဲ၊ ဘယ်လိုတွေ အလုပ်လုပ်သလဲ ဆိုတာကို ပိုပြီး ခရေစေ့တွင်းကျ နားလည်လာကြတာ ဖြစ်ပါတယ်။
(Straits Times သတင်းဌာနက ဖော်ပြထားသည့် Online gambling kingpin has links throughout South-east Asia ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)