မြန်မာကို စစ်ဘက်သုံးပစ္စည်းတွေ မရောင်းဖို့ စင်ကာပူကို တောင်းဆိုတဲ့ လှုပ်ရှားမှု BMC ပြုလုပ်

စက်တင်ဘာ၊ ၄
 
မြန်မာစစ်တပ်ထံ လေယာဉ်ဆီ၊ စစ်ဘက်သုံး လက်နက်ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ရောင်းချနေမှုကို ရပ်တန့်ပေးဖို့ စင်ကာပူအစိုးရထံ တောင်းဆိုမယ့် လက်မှတ်ထိုးကမ်ပိန်းကို Blood Money Campaign (BMC) က ဦးဆောင်ပြုလုပ်နေပါတယ်။
 
” စင်္ကာပူ အခြေစိုက်ပြီးတော့ မြန်မာစစ်တပ်ထံ လက်နက်ရောင်းချနေတဲ့ ကုမ္ပဏီတွေကို စင်္ကာပူ အစိုးရက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှာပါ။ အဓိက စင်္ကာပူကနေ မြန်မာစစ်တပ်ဆီပို့နေတဲ့ လက်နက်တင်ပို့မှုတွေကို အရေးယူပိတ်ဆို့ပေးဖို့ ရည်ရွယ်ပါတယ် ” လို့ BMC တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စက်တင်ဘာလ ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်တာပြုလုပ်မယ့် အဲဒီကမ်ပိန်းကို မြန်မာပြည်သူတွေဆီကနေ လက်မှတ်ပေါင်း အနည်းဆုံး တသိန်း ရရှိအောင် ကောက်ခံသွားမှာဖြစ်ပြီး လတ်တလော ငါးထောင်ကျော်ရရှိပြီလို့ ဆိုပါတယ်။
 
ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့အတူ စစ်ဘက်ဆိုင်ရာ လက်နက်တွေ ရောင်းချနေမှုကို တားဆီးပေးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကို စင်္ကာပူအစိုးရထံ ဒီလနောက်ဆုံးအပတ်မှာ ပေးပို့သွားမှာဖြစ်ပြီး ဒီလှုပ်ရှားမှုတွေမှာ BMC နဲ့အတူ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
 
” သာမန်ပြည်သူတွေအနေနဲ့ စစ်ထွက်မတိုက်ဘဲ အင်တာနက်သုံးရင်းနဲ့ တော်လှန်ရေးကို အများကြီး ပံပိုးနိုင်တယ်ဆိုတာလည်း သိစေချင်တယ် ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ပြည်သူတွေအနေနဲ့ကတော့ အဲဒီ လက်မှတ်ထိုးကမ်ပိန်းကို အွန်လိုင်းကနေ ပါဝင်လုပ်ဆောင်နိုင်မှာဖြစ်ပြီး လက်မှတ်ထိုးပါဝင်နည်း လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုတော့ ” Blood Money-သွေးစွန်းငွေ ” ဖေ့စ်ဘုတ်စာမျက်နှာမှာ အသေးစိတ် ရှင်းပြထားပါတယ်။
 
ဒါ့အပြင် အဲဒီလှုပ်ရှားကနေ မြန်မာစစ်အုပ်စုက စင်္ကာပူဘဏ္ဍာရေးစနစ်တွေကို အသုံးပြုခွင့်ရနေမှုကို တားဆီးပေးဖို့ကိုလည်း တောင်းဆိုသွားမယ်လို့ သိရပါတယ်။
 
စင်္ကာပူနိုင်ငံရှိ ဘဏ်ကြီးသုံးခုမှာတော့ စစ်ကောင်စီက အပ်နှံထားတဲ့ အရန်ငွေ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်ရှိပြီး အဲဒီငွေတွေကို ထုတ်သုံးလို့မရအောင် ကြိုးပမ်းနေတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်ထွန်းနိုင်က ဇူလိုင်လက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
 
အလားတူပဲ မြန်မာစစ်အုပ်စုဟာ လက်နက်ဝယ်ယူမှုတွေ အပါအဝင် နိုင်ငံခြားငွေပေးချေမှုတွေအတွက် စင်္ကာပူနိုင်ငံရှိ ဘဏ်တွေကို အဓိကထား အသုံးပြုတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
 
ကုလအထူးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ ၁၇ ရက် အစီရင်ခံစာထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းကာလကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ သန်းတထောင်နီးပါး လက်နက်တွေ ဝယ်ယူတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီအထဲမှာ ရုရှားကနေဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်း ဖိုးအပြင် စင်္ကာပူဟာ အရေးပါတဲ့ ကြားခံနေရာအဖြစ် ဒါဇင်နဲ့ချီတဲ့ လက်နက်ကုမ္ပဏီတွေထံကနေ ဒေါ်လာ ၂၅၄ သန်းဖိုး စင်္ကာပူကတဆင့် မြန်မာစစ်တပ်ထံကို ပေးပို့တင်သွင်းခဲ့တယ်လို့ ဖော်ပြပါတယ်။
 
စင်္ကာပူနိုင်ငံဟာ မြန်မာစစ်တပ်ထံ လက်နက်တင်ပို့ရောင်းချမှု တတိယအများဆုံးနိုင်ငံအဖြစ် ရှိနေတဲ့အတွက် စင်္ကာပူအစိုးရက အဲဒီလို လက်နက်တင်ပို့ရောင်းချနေမှုတွေကို ပိတ်ဆို့ပေးပါက စစ်ကောင်စီအတွက် ထိခိုက်နစ်နာမှု အများကြီးရှိလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ယုံကြည်နေကြပါတယ်။
 
“​လက်မှတ်တခါထိုးလိုက်ရုံနဲ့တော့ တော်လှန်ရေး ပြီးသွားမှာ မဟုတ်ပေမယ့် ဒီလှုပ်ရှားမှုသာ အောင်မြင်သွားမယ်ဆိုရင် စစ်အုပ်စုကို တော်တော်အထိနာစေမှာပါ ” လို့ BMC တာဝန်ရှိသူက ပြောပါတယ်။
 
ဓာတ်ပုံ – AP