TNLAတပ်မဟာ နှစ်ခုကို စစ်ကောင်စီက တပ်ရင်းခြောက်ခု၊ ပြည်သူ့စစ်ငါးဖွဲ့နဲ့ထိုးစစ်ဆင်နေ

စက်တင်ဘာ ၊ ၂

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA တပ်မဟာနှစ်ခုရဲ့တပ်စခန်းတွေကိုစစ်ကောင်စက တပ်ရင်း ခြောက်ခု၊ ပြည်သူစစ်ငါးဖွဲ့နဲ့ပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော်( TNLA ) သ တင်းနဲ့ ပြန်ကြားရေး တာ၀န်ခံ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က DNA ကိုပြောပါတယ်။ 

မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာရှိတဲ့ TNLA တပ်မ ဟာ (၁)နဲ့(၅) နဲ့လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီရဲ့ ခမရ(၄၂၀)၊ ခလရ(၂၆၁)၊ စကခ(၁၇)၊ ခမရ(၅၇၇)၊ ရမခ၊ခလရ(၄၅) ၊ ခမရ(၄၇၁) နဲ့အတူ ရှောက်ကော်၊ လုံထန်၊ နမ့်ခမ်းမြို့မ ပြည်သူစစ်အဖွဲ့(၁၊၂၊၃) တို့က ပူးပေါင်းပြီး သြဂုတ်လ ၂၉ ရက်ကနေ လက်ရှိအချိန်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေကြတာပါ။ 

“အခုတိုက်ပွဲဖြစ်နေတဲ့ နေရာတွေက ကျွန်တော်တို့လှုပ်ရှားတဲ့နေရာဖြစ်တယ်၊ အရင်ကတည်းကလှုပ် ရှားခဲ့တာပေါ့၊သူတို့ဘက်ကအရင်အဲနေရာကို ထိုး စစ်ဆင်ပြီးသားနေရာဖြစ်တယ်၊ သူတို့ဘာကြောင့်ထိုးစစ်ဆင်လည်းမသိဘူး” လို့ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ဆိုပါတယ်။

စစ်ကောင်စီဘက်က အခုလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပေါ်တုံ့ပြန်တဲ့အနေနဲ့ တအာင်းတပ်တွေကလည်း မူဆယ်မြို့က စစ်ကောင်စီတပ်တွေကို ပြန်လည် တိုက်ခိုက်တာတွေရှိတယ်လို့ သူကပြောပါတယ်။ 

စစ်ကောင်စီနဲ့ TNLA တပ်တွေဟာ မနေ့က တရက်တည်း နေရာလေးခုမှာ တိုက်ပွဲတွေဖြစ်ခဲ့ကြပြီး အဲ့ဒီအထဲက တိုက်ပွဲသုံးခုဟာ စစ်ကောင်စီက ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်ကရှင်းပြပါတယ်။ မူဆယ်မြို့ ၁၀၅မိုင်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲကတော့ အဲ့ဒီမှာရှိတဲ့ စစ်ကောင်စီစခန်းကို TNLA ဘက်က ထိုးစစ်ဆင်ခဲ့တာလို့ သိရပါတယ်။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်းစစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့သလို လေကြောင်းက ဗုံးကြဲတာ၊ပစ်ခတ်တိုက်ခိုက်တာတွေလည်း လုပ်နေပါတယ်။

အဲဒီလို လက်နက်ကြီး၊လေကြောင်းပစ်ခတ်မှုတွေကြောင့်ဒေသခံတချို့ ထိခိုက်သေဆုံးတာအပြင် နေအိမ်တွေလည်း ပျက်စီးမှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် မူဆယ်မြို့ စယ်လန့်ရွာနဲ့ ကွတ်ခိုင်မြို့ နမ့်ဖက်ကာရွာတွေနားမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်တွေကြား နှစ်ဖက်နေရာအသင့်ယူထားပြီး စစ်ရေးတင်းမာနေဆဲဖြစ်တာမို့ အချိန်မရွေးတိုက်ပွဲဖြစ် လာနိုင်တယ်လို့ တာအိုက်ကျော်ကပြောပါတယ်။