စစ်တပ်စီးနင်းထားတဲ့ ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတချို့ ရိုက်နှက်နှိပ်စက်ခံရ

စက်တင်ဘာ ၊ ၂

စစ်ကောင်စီတပ်က စီးနင်းထားတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့က ထားဝယ်အကျဥ်းထောင်မှာနိုင်ငံရေးအ  ကျဥ်း သားတွေ ရိုက်နှက်နှိပ်စက်ခံရတာတွေ ရှိနေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN တာဝန်ရှိ သူတဦးက DNAကိုပြောပါတယ်။

“ဖုန်းတွေ့တယ်အကြောင်းပြပြီးရိုက်တယ်၊ တခြားခေါင်းစဥ်အမျိုးမျိုးတပ်ပြီးလည်း ရိုက်နေတာ၊ ထောင်ထဲမှာက နိုင်ကျဥ်းတယောက်ကို စရိုက်ပြီးရင် တခြားနိုင်ကျဥ်းတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ရိုက်တော့တာ”လို့ သူကပြောပါတယ်။

အဲဒီလို ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ဘယ်နှဦးရှိလဲဆိုတာနဲ့ ဘယ်သူတွေ အရိုက်ခံရလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

“ထားဝယ်ထောင်ကိုက စစ်တပ်က စီးထားတာ၊ အသစ်ရောက်လာတဲ့ ထောင်ပိုင်တွေ၊ ထောင်ဝန်ထမ်းတွေက စစ် တပ်က ပြောင်းလာတာချည်းပဲ၊ထောင်ကို အုပ်ချုပ်ဖို့အတွက်ဆို အကျဥ်းထောင်လက်စွဲဥပဒေနဲ့ပဲ သွားရမှာ၊ အခု က စစ်တပ်က အမိန့်တခုနဲ့ပဲ အုပ်ချုပ်နေတာ၊ အခုဆို ထောင်ထဲမှာ နိုင်/ကျဥ်းတွေ တော်တော်ပစ်မှတ်ထား ခံနေရတာ” လို့ အထက်ပါ DPPN တာဝန်ရှိသူက ပြောပါတယ်။

 ဒါ့အပြင် ထားဝယ်ထောင် ပရဝုဏ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ့်ငါးဦးထက်မနည်း ဘန်ကာတွေ ဆောက်ကာ လုံခြုံရေးယူထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထားဝယ်ထောင်ကို လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း ဦးဆောင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်စစ်ဆေးတဲ့အချိန် နိုင်ငံရေးအကျဥ်းသားတွေဆီက လက်ကိုင်ဖုန်းတွေနဲ့ တခြားအကျဥ်းသား တချို့မှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်က အကျဥ်းသားတွေအပြင် ထောင်ဝန်ထမ်းတွေကိုပါ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ တယ်လို့သိရပါတယ်။

ဒါ့အပြင် သြဂုတ်လ ၁၄ ရက်နေ့မှာလည်း ထောင်ဝန်းအတွင်းရှိ ဒုထောင်ပိုင်အိမ်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရ မိတယ်လို့ဆိုကာ ဒုထောင်ပိုင်အပြင် ထောင်ပိုင်ကိုပါ စစ်တပ်က ဖမ်းဆီးထားခဲ့တယ်လို့အကျဉ်းထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကDNAကိုပြောထားပါတယ်။

လက်ရှိမှာတော့ ထားဝယ်ထောင် ထောင်ပိုင်၊ ဒုထောင်ပိုင်၊ ထောင်ဆေးမှူးကြီး၊ အမျိုးသား အိမ်ဆောင်မှူး သုံးဦး အပါအဝင် ထောင်ဝန်ထမ်း ဆယ့်ငါးဦး ဖမ်းဆီးခံထားရပြီး ထောင်အုပ်ချုပ်မှုအပိုင်းကိုတော့ စစ်တပ်ကနေ အသွင် ပြောင်းလာတဲ့ အရာရှိတွေ တာဝန်ယူထားတယ်လို့ သိရပါတယ်။

ထားဝယ်ထောင်ရဲ့ အုပ်ချုပ်မှုအပိုင်းကို စစ်တပ်ကပြောင်းလာသူတွေ တာဝန်ယူပြီးနောက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်ကစပြီး အကျဥ်းသားတွေအတွက် ထောင်ဝင်စာပမာဏကိုပါ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။ “အကျဥ်းသားတယောက်အတွက် အသားဆိုဘယ်လောက်၊ ကုန်ခြောက်ဆို ဘယ်လောက်ဆိုပြီး အရင်ကတည်းက ကန့်သတ်ထားတာ၊ ဒါပေမယ့် ထောင်ဝင်စာမရတဲ့ အကျဥ်းသားတွေလည်းရှိတော့ ကန့်သတ်ထားတဲ့ အတိုင်း မ ဟုတ်ဘဲ ပိုပြီးပို့လို့ရနေတာ၊ အထဲမှာက အဲလိုပို့မှပဲ မျှစားလို့ အဆင်ပြေတာ၊ အခုက ကန့်သတ်ထားတဲ့အတိုင်း အ သက်သွင်းလိုက်တာ” လို့ နိုင်ငံရေးအကျဥ်းသားတဦးက DNA ကို ပြောပါတယ်။

ထားဝယ်ထောင်ထဲမှာ ထောင်ဝင်စာမရတဲ့ နိုင်ငံရေးအကျဥ်းသားတချို့လည်းရှိနေပြီး ထောင်ဝင်စာပမာဏကို အ ခုလို ကန့်သတ်လိုက်တာကြောင့် အဲဒီအကျဥ်းသားတွေအတွက် အခက်အခဲပိုကြုံရလာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

 နိုင်ငံရေးအကျဥ်းသား လေးရာလောက်အပါအဝင် အကျဥ်းသား တထောင်ဝန်းကျင်ရှိတဲ့ ထားဝယ်အကျဥ်း ထောင် မှာ အဆောက်အအုံ၊ နေရာထိုင်ခင်း အလုံအလောက်မရှိတာကြောင့် အိပ်ဆောင်တွေမှာ ကန့်သတ်ပမာဏ ထက် ကျော်လွန်ပြီး အကျဥ်းသားတွေ စုပြုံနေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။