နမ့်ဖက်ကာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

စက်တင်ဘာ ၊ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာထဲ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသားနှစ်ဦးသေဆုံးကာ နှစ်ဦး  ဒဏ်ရာရခဲ့တယ်လို့ နမ့်ဖက်ကာရွာသားတဦးကပြောပါတယ်။

အခုရက်ပိုင်းအတွင်း တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ နမ့်ဖက်ကာရွာ ဘက်ကို မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်တာကြောင့် ရွာအတွင်းက ပြည် ထောင်စုကားလမ်းပေါ်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

“အမျိုးသားတယောက်က ပွဲချင်းပြီးဆုံးတယ်၊တယောက်ကဆေးရုံပို့ရင်လမ်းမှာဆုံးသွားတာပေါ့၊ အမျိုးသမီး တဦးကတော့ဒဏ်ရာမပြင်းထန်တော့အိမ်မှာပဲ၊ တယောက်ကတော့ လားရှိုးဆေးရုံပို့ထားတယ်၊ သူကစိုးရိမ်ရတဲ့ အနေအထားတော့မဟုတ်ဘူး၊ ဒူးခေါင်းမှာ တော်တော်ထိသွားတော့ သူကခွဲစိတ်ရမှာ”  လို့ ရွာခံတဦးကပြော ပါတယ်။

စစ်ကောင်စီလက်အောက်ခံ(၁၂၃) တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး  အသက် ၃၉ နှစ်အရွယ် ဦးဇော် ဒွဲနဲ့ အသက် ၆၂ အရွယ် ဦးဘောက်ရာ တို့နှစ်ဦးသေဆုံးသွားခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက ကျေးရွာအနီးနားက နေရာတွေကို နေ၊ည ဆက်တိုက်ဆိုသလို လက် နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်လို့သိရပါတယ်။

“ကျွန်တော်တို့ရွာတွေကျတော့ စစ်ရှောင်ဖို့အဆင်မပြေကြဘူးလေ၊ ရွာကလည်းကြီးတော့ လူကများပြီး တခြား သွားနေလို့ မရဘူး၊လက်နက်ကြီးသံကြားရင် ကိုယ်အဆင်ပြေတဲ့နေရာမှာ ပုန်းနေဖို့ကလွဲရင် ဘာမှလည်း မတတ် နိုင်ဘူး၊ကြောက်ကြောက်လန့်လန့်နဲ့ ပဲအဆင်ပြေအောင် နေရတာ” လို့ နမ့်ဖက်ကာ ဒေသခံက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်နေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် နမ့်ဖက် ကာကျေးရွာက ပြည်သူပိုင် နေအိမ် ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

တအာင်းတပ်မတော် တပ်မဟာ(၁)လှုပ်ရှားရာ မူဆယ်မြို့မှာ မနေ့ကမနက်အစောပိုင်းက စစ်ကောင်စီတပ်ရဲ့ ၁၀၅ မိုင် စစ်ဆေးရေးဂိတ်ကို တအာင်းအမျိုးသားတပ်မတော် (TNLA)ကသွားရောက်ပစ်ခတ်တိုက်ခဲ့တာကြောင့် စစ် ကောင်စီရဲ့ တပ်မ(၉၉)၊ ခမရ(၄၂၀)၊ ပြည်သူစစ်ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ (TNLA) ကသတင်း ထုတ်ပြန်ထားပါတယ်။

မနေ့က တရက်တည်းအတွင်း (TNLA) တပ်နဲ့ စစ်ကောင်စီတပ်တွေကြား မူဆယ်မြို့ ဆိုင်ခေါင်ရွာနဲ့ ကွတ်ခိုင်မြို့ ခိုမုန်းကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ နမ့်ဖက်ကာတပ်စခန်းကနေ လွယ်မောက်တောင်ကို လက်နက်ကြီးနဲ့ ၂၄ ကြိမ်၊ စယ် လန့်ရွာကို ၅၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဂျက်ဖိုက်တာနဲ့ပါ ခိုမုန်းရွာကို လာရောက် ပစ်ခတ်တိုက် ခိုက်ခဲ့ တယ်လို့ (TNLA) ကဆိုထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့ အနီးနားကကျေးရွာတွေမှာ ပြီးခဲ့တဲ့ လဆန်းပိုင်းကစတင်ပြီး တအာင်း လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်နေကာ  မနေ့က အထိ ထိတွေ့တိုက်ပွဲ ၂၄ကြိမ်ဖြစ်ထားတယ်လို့ TNLA က  ထုတ်ပြန်ထားပါတယ်။