Sarmat တိုက်ချင်းပစ် ဒုံးကျည်အသစ်ကို တိုက်ပွဲဝင်အဆင့် စတင် အသုံးပြုနိုင်ပြီလို့ ရုရှားကြေညာ

စက်တင်ဘာ ၊ ၂

အသစ် တီထွင်ထားတဲ့ နည်းပညာမြင့် ပဲ့ထိန်း တိုက်ချင်းပစ် ဒုံးကျည်စနစ် Sarmatကို ရုရှားစစ်တပ်က တိုက်ပွဲဝင်အဆင့် စတင် အသုံးပြုနိုင်နေပြီလို့ ကြေညာခဲ့ပါတယ်။

 ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ Sarmatရဲ့ နည်းပညာနဲ့ စွမ်းဆောင်ရည်တွေအပေါ် အထူးတလည် အားရ ကျေနပ်နေပြီး ရုရှားကို ခြိမ်းခြောက်လာမယ့် ရန်သူတွေဟာ အဲဒီဒုံးကျည်ကြောင့် နှစ်ခါပြန် စဉ်းစားရတော့မယ်လို့ ညွှန်းဆိုခဲ့ကြောင်း ရုရှား အာကာသ နည်းပညာ အေဂျင်စီ အကြီးအကဲ ယူရီ ဘိုရီဆော့ဗ်က ပြောပါတယ်။

 Sarmat မဟာဗျူဟာ တိုက်ခိုက်ရေး ဒုံးကျည်ဟာ တိုက်ပွဲဝင်အဆင့် တာဝန်ယူဖို့ လိုအပ်တဲ့ ခင်းကျင်းပြင်ဆင်မှု အားလုံး ပြီးစီးနေပါပြီလို့ ဘိုရီဆော့ဗ်က ဆိုပါတယ်။ RS-28လို့ ကုတ်ဒ်နံပါတ် ပေးထားတဲ့ Sarmatဟာ ရုရှားရဲ့ စွမ်းအားအမြင့်ဆုံး တာဝေးပစ် နျူကလီးယား တိုက်ချင်းပစ် ဒုံးကျည်တစင်း ဖြစ်လာမယ်လို့ နိုင်ငံတကာ စစ်ရေးသုတေသီတွေက ခန့်မှန်းထားပါတယ်။

 Sarmatဟာ ၁၀ တန်လောက် အလေးချိန်ရှိတဲ့ MIRVed အမျိုးအစား နျူကလီးယား ထိပ်ဖူး တပ်ဆင်ပြီး ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ပစ်မှတ်ထား တိုက်ခိုက်နိုင်လိမ့်မယ်လို့ ရုရှားရဲ့ Tass သတင်းဌာနက ဖော်ပြထားပါတယ်။

 အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီကတော့ Sarmatဟာ ရုရှားရဲ့ အဆိုအတိုင်း တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ဖြစ်နေပြီလား ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

 ဖေဖော်ဝါရီလတုန်းက ပူတင်ဟာ ရုရှားရဲ့ လက်နက်တိုက်ထဲမှာ အဆင့်အမြင့်ဆုံး ပေါင်းစပ်မှုသစ်တခု ဖြစ်လာမယ့် Sarmatဟာ လပိုင်းအတွင်း အသင့်ဖြစ်လာမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။

တန် ၂၀၀ ကျော် အလေးချိန်ရှိတဲ့ Sarmatဟာ ကီလိုမိတာ ၁၈၀၀၀ လောက်ထိ ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။ ရုရှားဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းက Sarmatကို စမ်းသပ် ပစ်ခတ်ခဲ့ရာမှာ ကီလိုမီတာ ၈၀၀ လောက် ခရီးပေါက်ခဲ့ပါတယ်။ ရုရှားစစ်တပ်ဟာ ဆိုဗီယက် ပြည်ထောင်စုခေတ်၊ ၁၉၈၀ ပြည့်နှစ်လွန်တွေ ကတည်းက အသုံးပြုထားတဲ့ မျိုးဆက်ဟောင်း ICBM တိုက်ချင်းပစ် ဒုံးကျည်တွေ နေရာမှာ Sarmatတွေကို ကျယ်ကျယ်ပြန့်ပြန့် အစားထိုးဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။