နှစ်အလိုက် စံချိန်တင် ကာကွယ်ရေး အသုံးစရိတ် ထပ်မြှင့်ဖို့ ဂျပန် စီစဉ်

စက်တင်ဘာ ၊ ၂

နိုင်ငံသမိုင်းမှာ ပမာဏ အများဆုံး ကာကွယ်ရေး အသုံးစရိတ်ကို ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက လွှတ်တော်မှာ အဆိုပြု တောင်းခံလိုက်ပါတယ်။

 လာမယ့်နှစ်အတွင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၅၃ ဘီလီယံ နီးပါးလောက်ထိ လျာထားကြောင်း အဆိုတင်သွင်းခဲ့ပါတယ်။ မနှစ်ကထက် ၁၃ ရာခိုင်နှုန်း တိုးလာတဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ဂျပန်သမိုင်းမှာ ပမာဏ အများဆုံး ဖြစ်လာလိမ့်မယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း တောက်လျှောက် စစ်ဆန့်ကျင်ရေး ဝါဒစွဲ နိုင်ငံတခုအဖြစ် ရပ်တည်ခဲ့ပြီး အင်အားကြီးမားတဲ့ စစ်တပ်အစား ပြည်စောင့်တပ်လောက်ကိုသာ ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ အားပြိုင်မှု၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို အကြောင်းပြုပြီး ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ လက်ထက်ကစလို့ ဂျပန်ရဲ့ စစ်အင်အားနဲ့ စစ်ရေးနည်းပညာတွေကို ပြန်လည် မြှင့်တင်လာခဲ့ပါတယ်။

အခု လွှတ်တော်မှာ အဆိုတင်ထားတဲ့ ကာကွယ်ရေး အသုံးစရိတ် တောင်းခံမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ဆက်တိုက် တောက်လျှောက် မြင့်တက်လာတာကို ညွှန်ပြနေပါတယ်။ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူ့ရဲ့ အစိုးရဟာ ၅ နှစ် စီမံကိန်း ကာလအတွင်း စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၂၉၅ ဘီလီယံနီးပါးလောက်ထိ လျာထားကြောင်း ပြောပါတယ်။

ဂျပန်ဟာ ကိုယ်တိုင် ကန့်သတ်ထားတဲ့ ၁ ရာခိုင်နှုန်း သတ်မှတ်ချက်ကနေ ကျော်လွန်ပြီး နိုင်ငံရဲ့ GDP ပမာဏ စုစုပေါင်း ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲနိုင်ဖို့ မျှော်လင့်နေပါတယ်။ လာမယ့်နှစ်အတွက် တောင်းခံထားတဲ့ ကာကွယ်ရေး အသုံးစရိတ်ကိုတော့ ရေတပ်မှာ ခေတ်မီ နည်းပညာမြင့် ဒုံးကျည်အသစ်တွေ တပ်ဆင်ဖို့၊ နိုင်ငံရဲ့ လေကြောင်းနဲ့ ဒုံးကျည် ကာကွယ်ရေးဆိုင်ရာ အစီအမံတွေကို အဆင့်မြှင့်တင်ဖို့၊ ပြည်တွင်းဖြစ် မျိုးဆက်သစ် တိုက်လေယာဉ် တီထွင် ထုတ်လုပ်မှု သုတေသန စီမံကိန်းတွေမှာ မြှုပ်နှံဖို့ အဓိက လျာထားကြောင်း သိရပါတယ်။ ဂျပန်ဟာ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်သစ် စီမံကိန်းအတွက် ဗြိတိန်၊ အီတလီတို့နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိုမို ပူးပေါင်းသွားဖို့လည်း ရှိနေပါတယ်။

ဂျပန်ဟာ ဆယ်စုနှစ် ၆ ခုလောက် လက်ကိုင်ပြုခဲ့တဲ့ ပစိဖစ်ဝါဒ၊ တနည်းအားဖြင့် စစ်မဲ့ဝါဒကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ တရားဝင် စွန့်ခွာခဲ့ပါတယ်။ ဝန်ကြီးချုပ် ကီရှီဒါက နိုင်ငံရဲ့ စစ်အင်အားကို ထဲထဲ​ဝင်ဝင် ပြန်လည် တည်ဆောက်မယ် ဆိုပေမယ့်လည်း ဂျပန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာ ပဓာနဆိုတဲ့ ကနဦး ရည်မှန်းချက်ကိုတော့ စွန့်ခွာမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားထားပါတယ်။