စက်တင်ဘာ၊ ၁
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက ထိုင်းဘုရင်ဆီက လွတ်ငြိမ်း ချမ်းသာခွင့် အသနားခံမှုကို ထိုင်းဘုရင်က လက်ခံပေးလိုက်ပြီး သူ့ရဲ့ ထောင်ဒဏ်ကို မူလ ၈ နှစ်ကနေ ၁ နှစ်ထိ လျှော့ချပေးလိုက်ပါတယ်။
ထိုင်းတော်ဝင်မိသားစု သတင်းလွှာမှာတော့ ဒဿမ ရာမ ဘုရင်ဟာ အာဏာ အလွဲသုံးစားမှု၊ အကျိုးစီးပွား ရှုပ်ထွေးမှုတွေနဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံထားရတဲ့ သက်ဆင်ရဲ့ ပြစ်ဒဏ် ၇ နှစ်၊ ၁၁ လနဲ့ ရက်ပေါင်း ၂၀ ကာလကို ပြစ်ဒဏ် ၁ နှစ်သာ ကျန်တော့တဲ့ထိ လျှော့ချပေးလိုက်ကြောင်း အတည်ပြု ဖော်ပြထားပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ် ဘဝမှာ နိုင်ငံကောင်းကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တာကို ငဲ့ကွက် စဉ်းစားပြီး အခုလို ထောင်ဒဏ် လျှော့ပေါ့ပေးဖို့ ဘုရင်က ကရုဏာထား ဆုံးဖြတ်ခဲ့ကြောင်း တော်ဝင် မိသားစုက ဆိုပါတယ်။ ဒါ့အပြင် သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေရာက ထိုင်းနိုင်ငံ ပြန်ရောက်လာချိန်မှာ ထိုင်းဘုရင်အပေါ် မယိမ်းမယိုင် သစ္စာ စောင့်သိကြောင်း ပြသခဲ့သလို သူ့အပေါ် ချမှတ်ထားတဲ့ စီရင်ချက် ပြစ်ဒဏ်နဲ့ ပတ်သက်လို့လည်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်းခဲ့တာကို ထိုင်းဘုရင်က အသိအမှတ် ပြုခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး အသက် ၇၄ နှစ် ရှိပြီဖြစ်တဲ့ သက်ဆင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေတွေကိုပါ ဘုရင်က ထည့်စဉ်းစားပေးပြီး ပြစ်ဒဏ်ကို ပမာဏ အများအပြား လျော့ကျစေခဲ့တယ်လို့ သိရပါတယ်။
သက်ဆင်ဟာ ဩဂုတ် ၂၂ ရက်မှာ ထိုင်းနိုင်ငံကို ပြန်ရောက်လာတဲ့နောက် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကို ခံယူခဲ့ပေမယ့် လက်ရှိ အချိန်ထိ နာရီပိုင်းသာ အကျဉ်းကျ ခံရပြီး ကျန်တဲ့ အချိန်တွေမှာတော့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ဆေးရုံကို တက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။
Ref: Thaiger