ပုစွန်တောင်မှာ စီးနေကျ ဆိုက်ကားသမားက အမျိုးသမီးတဦးကိုသတ်ပြီး ပစ္စည်းလုယက်

စက်တင်ဘာ၊ ၁
 
ရန်ကုန်တိုင်း၊ ပုစွန်တောင်မြို့နယ်မှာ ငှားစီးနေကျ ဆိုက်ကားသမားနဲ့ အပေါင်းပါတွေက အမျိုးသမီးတဦးကို သတ်ပြီး ရွှေထည်ပစ္စည်း၊ ငွေနဲ့ ဖုန်းတွေ ဓားပြတိုက်ခဲ့တဲ့အမှု သြဂုတ်လ ၃၀ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ကောင်မလေးစီးနေကျ ဆိုက်ကားဆရာ သတ်တာ။ သူ့ယောက်ဖနဲ့ နောက်တယောက် သုံးယောက် ” လို့ ပုစွန်တောင်၊ ရေကျော်မှာ နေထိုင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
 
အသက်ခံရသူ အမျိုးသမီးဟာ ပုစွန်တောင်မြို့နယ်၊ ရေကျော် (၈)ရပ်ကွက်၊ မြောင်းကြီးလမ်း၊ ၈ လွှာတိုက်ခန်းတခုရဲ့ ခြောက်လွှာမှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ဘဏ်ဝန်ထမ်းအမျိုးသမီးတဦးဖြစ်ပြီး လည်ပင်းကို ဓားနဲ့လှီးကာ အသတ်ခံခဲ့ရတာပါ။
 
သေဆုံးသူ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်ကြပေမယ့် အသတ်ခံရချိန်မှာ သူ့အမျိုးသားဖြစ်သူဟာ နေပြည်တော်ကို ခရီးလွန်နေတဲ့အတွက် တိုက်ခန်းမှာ တယောက်တည်း ရှိနေချိန်ဖြစ်တယ်လို့ အဲဒီအမျိုးသားက ဆိုပါတယ်။
 
လူသတ်မှု ကျူးလွန်သူ အမျိုးသားသုံးဦးမှာ ပုဇွန်တောင်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ကြပြီး လူသတ်ပြီး ဓားပြတိုက်လို့ ရလာတဲ့ ရွှေကို ပုစွန်တောင်မြို့နယ်မှာရှိတဲ့ ရွှေဆိုင်တခုမှာ သွားရောက်ရောင်းချခဲ့တာပါ။
 
” ကောင်မလေးကို သတ်ပြီး ရွှေတွေယူတယ်။ ပြီးတော့ အဲ့ရွှေကို သွားရောင်းတဲ့ချိန် ဆွဲကြိုးမှာ သွေးစပါလာလို့ မသင်္ကာလို့ ပိုင်ရှင်က ရဲခေါ်လိုက်တော့မှ လူသတ်တာမှန်း သိကြတာ ” လို့ အဲဒီအမျိုးသားက ပြောပါတယ်။
 
လုယက်သူတွေဟာ သေဆုံးသူအမျိုးသမီးရဲ့ လည်ပင်းနဲ့ နံကြားတို့ကို ဓားနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး နေအိမ်က ရွှေထည်ပစ္စည်းတွေ၊ ငွေ ၇၅ သိန်းခန့်နဲ့ ဖုန်းသုံးလုံးကို ယူဆောင်သွားတယ်လို့လည်း ဆက်ပြောပါတယ်။
 
” ခေတ်ပျက်နေတော့ ဒီလိုအမှုတွေက ကြားနေရဦးမှာ ” လို့ အဲဒီပုစွန်တောင်ဒေသခံက ဆိုပါတယ်။
 
ဓာတ်ပုံ – စေတနာ လူမှုကူညီရေးအသင်း