ကရင်နီပြည်မှာ တလအတွင်း ကာကွယ်ရေးတပ် ၁၂ ဦးနဲ့ စစ်ကောင်စီတပ် တရာကျော်သေဆုံး

စက်တင်ဘာ၊ ၁
 
ကရင်နီ (ကယား)ပြည်နယ်တဝှမ်း သြဂုတ်လ တလအတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကရင်နီပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။
 
” များတာကတော့ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားက တိုက်ပွဲတွေမှာ ကျတာများတယ်၊ မယ်စဲ့ဘက်က တိုက်ပွဲတွေမှာလည်း ကျတာရှိတယ်၊ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေတော့ ပြန်ရပါတယ် ” လို့ PKPF တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီပြည်လူ မျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဖြစ်ကြပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲတွေ အတွင်းမှာပဲ ကျဆုံးခဲ့ကြတာပါ။
 
တဖက်မှာလည်း ကရင်နီပြည်နယ်တဝှမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာနေပြီး သြဂုတ်လ တလအတွင်းမှာ တပ်ဖွဲ့ဝင် တရာကျော် ကျဆုံးခဲ့တယ်လို့ PKPF ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်လောက်ကတည်းက ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်ကနေတဆင့် ကရင်နီပြည်နယ်ထဲကို တပ်ဖွဲ့ဝင်အင်အား တထောင်ဝန်းကျင် ဖြည့်တင်းထားပြီး ထိုးစစ်ဆင်တာတွေ လုပ်နေပါတယ်။
 
အဲဒီထဲက အင်အား သုံးရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကတော့ သြဂုတ်လ ၂ ရက်ကတည်းက ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့ဘက်ကို ခြေလျင်စစ်ကြောင်းထိုး ထွက်လာပြီး တလအကြာ လက်ရှိအချိန်ထိ ကရင်နီပူးပေါင်းတပ်တွေနဲ့ ဒီးမော့ဆို-ဖရူဆို ကားလမ်းတလျှောက် တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
 
အလားတူပဲ ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ထိုင်း-ကရင်နီ နယ်စပ် မယ်စဲ့မြို့နယ်ထဲမှာလည်း လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြ စ်ပွားနေပြီး ကရင်နီတပ်တွေဘက်ကလည်း အကျအဆုံးရှိခဲ့ပါတယ်။
 
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ ဒီးမော့ဆို-ဖရူဆို ကားလမ်းတလျှောက် သြဂုတ်လ ၂ ရက်ကနေ ၁၄ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ခုနစ်ဆယ်ကျော် ထိခိုက်သေဆုံးခဲ့သလို ချေမှုန်းရေး ရိုင်ဖယ်သေနတ် ၁၅ လက် အပါအဝင် တခြားလက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ကရင်နီတပ်မတော် KA ကလည်း ရှားတောမြို့နယ်ထဲက စစ်စခန်းတွေကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီတပ်ကို သြဂုတ်လ ၂၃ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းတဲ့ အချိန်မှာတော့ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၂ လောင်း တွေ့ခဲ့ရသလို ချေမှုန်းရေးရိုင်ဖယ် ၁၅ လက်၊ စိန်ပြောင်းနှစ်လက်အပါအဝင် တခြားခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
 
တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းသုံးတိုက်ခိုက်တာတွေကို ပိုလုပ်လာပြီး သြဂုတ်လတလအတွင်းမှာပဲ လေကြောင်းသုံးတိုက်ခိုက်မှု ၄၇ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ အဲဒီလို လေကြောင်းသုံးတိုက်ခိုက်မှုတွေကို တိုက်ပွဲတွေအတွင်းမှာတင်မဟုတ်ဘဲ တိုက်ပွဲတွေနဲ့ ဝေးတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေဘက်ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေတာကို တွေ့ရပါတယ်။
 
စစ်ခေါင်းဆောင်တွေရဲ့ ရုံးစိုက်ရာ နေပြည်တော်နဲ့ မိုင်တရာဝန်းကျင်သာ ဝေးတဲ့ ကရင်နီပြည်နယ်ထဲမှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကုန်အထိ နှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲပေါင်း ရှစ်ရာထက်မနည်း ဖြစ်ပွားခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင် သုံးရာကျော် ကျဆုံးပါတယ်။
 
ဓာတ်ပုံ – KNDF/BO 4
ပုံစာ – ကရင်နီ(ကယားပြည်နယ်)၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင်တဦးရဲ့ စျာပနကို၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်က တွေ့ရစဉ်။