မြိုင်မှာ PDF ခေါင်းဆောင်တဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

စက်တင်ဘာ၊ ၁
 
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)လက်အောက်ခံ နဂါးနီတပ်ခွဲရဲ့ ခေါင်းဆောင် ဗိုလ်ယက္ခ ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်မှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
 
အခုလို အဆုံးစီရင်သွားတာဟာ ဗိုလ်ယက္ခ အနေနဲ့ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ခန့်က ခြောက်ရက်ဆက်တိုက် စစ်ဆင်ရေးပြုလုပ်ရပြီး ပင်ပန်းလွန်းတာကြောင့် စိတ်မတည်မငြိမ်ဖြစ်ကာ အခုလို လုပ်ဆောင်သွားတာလို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ယာ ကပြောပါတယ်။
 
“ အကြွေးမဆပ်နိုင်လို့ မဟုတ်ပါဘူး။ လေးငါးခြောက်ရက်လောက် စစ်ကြောင်းကို ထမင်းငတ် အိပ်ရေးပျက်ခံပြီး စောင့်ပြီး ပြန်လာတော့ ရဲဘော်တွေကို စိတ်တိုင်းမကျတော့ သူလုပ်သလို မလုပ်နိုင်လို့ စိတ်မတည်ငြိမ်တာလည်း ပါတာပေါ့။ အိပ်ရေးပျက်တော့ အဲ့တာကြောင့် အခုလိုသွားတာ “ လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
 
ဗိုလ်ယက္ခဟာ မြိုင်မြို့နယ်က ပျူစောထီးကျေးရွာဖြစ်တဲ့ ကန်နီရွာကို မကြာသေးခင်က စစ်ဆင်ရေးထွက်ခဲ့ပြီး ပြန်အလာမှာ အခုလို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ဗိုလ်လက်ယာက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
နဂါးနီတပ်ခွဲရဲ့ ခေါင်းဆောင်ဖြစ်သလို မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာလည်း တပ်ခွဲမှူး ဖြစ်တဲ့ ဗိုလ်ယက္ခဟာ သေဆုံးချိန်မှာ အသက် ၂၇ နှစ်သာရှိသေးပြီး ဇနီးဖြစ်သူ ကျန်ခဲ့ပေမယ် သား၊ သမီး မရှိဘူးလို့ သိရပါတယ်။
 
” သူမဆုံးခင် သူ့မိန်းမ ဘေးနားရှိတယ်။ သူ့မိန်းမက တားပေမယ့် မရဘူး သူက၊ သေနတ်တချက်မိုးပေါ်ကို ထောင်ဖေါက်ပြီးတော့လေ ခြောက်လှန့်လိုက်သေးတာ။ ပြီးတော့မှ သူ့နားထင်တေ့ပစ်ပြီး သေသွားတာ။ သူ့မှာ ကလေးတော့ မရှိဘူး ” လို့လည်း ဗိုလ်လက်ယာက ဆိုပါတယ်။
 
ဒါ့အပြင် ဗိုလ်ယက္ခမှာ ညီအကိုခြောက်ဦးရှိပြီး အကိုဖြစ်သူနဲ့ ညီဖြစ်သူ နှစ်ဦးကတော့ လုပ်သက် ၁၂ နှစ်ကျော်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပေမယ့် အာဏာသိမ်းတာကို ဆန့်ကျင် CDM ပြုလုပ်လာကာ တော်လှန်ရေးအင်အားစုမှာ ပါဝင်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
 
ဗိုလ်ယက္ခဟာ အာဏာမသိမ်းခင်က ဈေးထဲမှာ ကုန်ရောင်းကုန်ဝယ်လုပ်ဆောင်သလို သုံးဘီးမောင်းသူဖြစ်ကာ စစ်တပ်အာဏာသိမ်းကတည်းက တော်လှန်ရေးမှာ ပါဝင်လာသူဖြစ်ပြီး အားကိုးရသူ ဖြစ်တယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
 
” စိတ်ပင်ပန်းမှုလည်း ရှိတာပေါ့။ သူက အားကိုးရတယ်။ ရဲဘော်ကောင်းပဲ။ စိတ်မြန်လက်မြန်ပဲ အလုပ်လုပ်တာတော့။ တော်လှန်ရေး အပေါ်လည်း ဇွဲနှစ်ပြီး လုပ်တယ် နေ့မနား၊ ညမအား လုပ်တာ ” လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
 
သေဆုံးခဲ့သူ ဗိုလ်ယက္ခရဲ့အလောင်းကို သြဂုတ်လ ၃၁ ရက် မနေ့က အခမ်းအနားနဲ့ သဂြိုလ်ပေးလိုက်ပြီး အမိန့်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
 
သေဆုံးသူ ဗိုလ်ယက္ခ နောက်ဆုံးဆောင်ရွက်ခဲ့တဲ့ ကန်နီပျူစောထီးကျေးရွာ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က တဦးသေဆုံး၊ ငါးဦးဒဏ်ရာရခဲ့ကြောင်းနဲ့ တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားပါတယ်။
 
“ ဘာအကြောင်းကြောင့်မှ နောက်ဆုတ်ပျက်ပြယ်သွားမှာ မဟုတ်ဘူး။ တော်လှန်ရေး အောင်တဲ့ထိ တိုက်ပွဲဝင်မယ်။ တော်လှန်ရေး သေချာအောင်စေရပါမယ်လို့ ကတိပေးပါတယ် “ လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
 
ဓာတ်ပုံ – မြိုင် (ပကဖ)