စက်တင်ဘာ၊ ၁
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်း ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ထိုင်းဘုရင်ဆီက တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို တရားဝင် အသနားခံ လျှောက်ထားလိုက်ကြောင်း သိရပါတယ်။
ထိုင်း အိမ်စောင့်အစိုးရရဲ့ တရားရေး ဝန်ကြီး ဝစ်ဆာနူ ခရီရာငမ်းက သက်ဆင်ရဲ့ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် အသနားခံမှုကို ဩဂုတ် ၃၁ ရက်က သတင်းထောက်တွေဆီ အတည်ပြု အသိပေးခဲ့ပါတယ်။ အဲဒီ မတိုင်ခင် ကတည်းက သက်ဆင်ရဲ့ ရှေ့နေကလည်း ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အတွက် အသနားခံဖို့ ပြင်ဆင်နေကြောင်း ပြောကြားထားဖူးပါတယ်။
သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတဲ့နောက် အာဏာ အလွဲသုံးစားမှု၊ အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။ သူဟာ ပြစ်ဒဏ်တွေကို ရှောင်လွှဲဖို့အတွက် ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ရာက ဩဂုတ် ၂၂ ရက်မှာ ဘန်ကောက်ကို ပြန်လာပြီး ထောင်ဒဏ် ၈ နှစ် စတင် ကျခံခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျန်းမာရေး အကြောင်းပြချက်အရ သက်ဆင်ကို ထောင်မှာ မထားဘဲ ဘန်ကောက်မှာရှိတဲ့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ဆေးရုံမှာ တက်ရောက်နေစေပါတယ်။
သက်ဆင်က ထိုင်းနိုင်ငံ ပြန်လာတဲ့ အချိန်ဟာ သူ့လက်အောက်ခံ ဖျူထိုင်းပါတီ (PTP)က ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုက်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါကြောင့်လည်း PTPနဲ့ ကွန်ဆာဗေးတစ်တွေဟာ သက်ဆင် ပြန်လာချိန်မှာ ဘုရင့်ဆီက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အသနားခံနိုင်ရေးကိစ္စ အဆင်ပြေစေဖို့ ကြိုတင် လက်ဝါးချင်းရိုက် ညှိနှိုင်းထားပြီးပြီဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေခဲ့ပြီး ဖြစ်ပါတယ်။
အခုတော့ အဲဒီ မှန်းဆချက်တွေအတိုင်း သက်ဆင်ဟာ ဘုရင့်ဆီက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အသနား ခံလိုက်ပြီ ဖြစ်ပါတယ်။ ဝန်ကြီး ဝမ်ဆာနူက သက်ဆင်ရဲ့ အသနားခံမှုကို ဘယ်လောက်အကြာမှာ အဆုံးအဖြတ် ပေးမလဲ ဆိုတာကို အတည်မပြုနိုင်ကြောင်း ပြောပါတယ်။ အစိုးရက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ခပ်မြန်မြန် ပြီးစီးနိုင်ကြောင်း၊ ဒါပေမဲ့ အသနားခံသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့် မပေးသင့် ဘုရင်က အချိန်ယူ စဉ်းစားတဲ့ ကာလအပေါ် မူတည်ပြီး ကြာချိန်လည်း ပြောင်းလဲသွားနိုင်ကြောင်း ဝမ်ဆာနူက ဆိုပါတယ်။
အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ တချိန်ကတော့ ထိုင်းတော်ဝင် မိသားစုရဲ့ ပြိုင်ဘက်လို သတ်မှတ်ခြင်း ခံခဲ့ရဖူးပေမယ့် ဘန်ကောက်ကို ပြန်ရောက်ရောက်ချင်း ထိုင်းဘုရင်ရဲ့ ပုံတူကို လူအများစုရှေ့မှာ အရိုအသေပေးပြီး သေဝပ် နှိမ့်ချမှုကို ပြသခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ အဆိုအရ သက်ဆင်ဟာ နာတာရှည် ရောဂါတွေရဲ့ဒဏ်ကြောင့် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတချို့မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေပြီး လောလောဆယ်မှာ သူ့နှလုံးနဲ့ ပတ်သက်လို့ ဆရာဝန်တွေက အဓိက စိုးရိမ်နေတယ်လို့ သိရပါတယ်။
Ref: AFP