လွိုင်ကော်မြို့အနီးနှစ်ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က နှစ်ဆယ်ထက်မနည်းသေဆုံးတယ်လို့KNDFပြော

ဇူလိုင်၊ ၃၁

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီး အခုလ နောက်ဆုံးပတ်အတွင်း ဖြစ်ခဲ့တဲ့ နှစ်ရက်တာ တိုက်ပွဲ မှာ စစ်ကောင်စီဘက်က နှစ်ဆယ်ထက်မနည်းသေဆုံးပြီး သေနတ်မျိုးစုံ ရှစ်လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

 “နှစ်ဆယ်လောက် သေတယ်ဆိုတာက တိုက်ပွဲအတွင်းကျွန်တော်တို့ ကိုယ်တိုင်မြင်တွေ့လာခဲ့တာတွေပါ” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

လွိုင်ကော်မြို့အထွက်က မော်ချီးစုစည်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မိုးဗြဲကနေ လွိုင်ကော်ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို အခု ၂၄ရက်နဲ့ ၂၅ရက်တွေမှာ KNDF၊ ကရင်နီပြည် တပ် မတော် KA နဲ့ လွိုင်ကော် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ ချေမှုန်းရေး ရိုင်ဖယ်သေနတ် ခုနစ်လက်နဲ့ MA 2 စက်ကလေးတ လက် အ ပါအဝင် ခဲယမ်းနဲ့အသုံးအဆောင်တချို့ကို ကာကွယ်ရေးတပ်တွေဘက်က သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကောင်စီ တပ်ရဲ့ ကားအကြီးတစီးကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

“သူတို့အင်အား ဘယ်လောက်ရှိလဲတော့ မခန့်မှန်းတတ်ဘူး၊ သူတို့ ကားနှစ်စီး၊ သုံးစီလောက်နဲ့လာလိုက် ကျွန် တော်တို့က တိုက်လိုက်၊ နောက်ထပ် ထပ်လာလိုက်ကျွန်တော်တို့တိုက်လိုက်၊ အဲလိုဖြစ်နေတာ၊သူတို့ထဲက တချို့ ကတော့ လွိုင်ကော်ဘက် ပြန်ဆုတ်သွားတယ်” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါ တယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ကြီးကြီးမားမား အထိအခိုက် အကျအဆုံး မရှိဘဲ စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

KNDF က သိမ်းဆည်းရမိကြောင်းထုတ်ပြန်ထားတဲ့ ပစ္စည်းတွေထဲမှာတော့ စစ်ကောင်စီတပ် တပ်မ ၅၅ က တပ်ဖွဲ့ ဝင်တွေရဲ့ ဝတ်စုံတွေပါဝင်နေပြီး ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးရဲ့ ပြန်တမ်းဝင်အရာရှိ သက်သေခံ ကဒ်ပြားနဲ့ ပခုံးကြယ်ပွင့်တွေကိုလည်းတွေ့ရပါတယ်။

 စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီပြည်နယ်ထဲကို ဇူလိုင်လ ၂၀ ရက်လောက်ကစပြီး ရှမ်းပြည်နယ်၊ ဖယ်ခုံ ဘက်ကနေတဆင့် အင်အားအလုံးအရင်းနဲ့ အင်အားဖြည့်တင်းလာနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နေတိုင်း နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ကာကွယ်ရေးတပ်တွေဘက်ကတော့ အခုနှစ်ပတ်လောက်အတွင်း ကရင်နီပြည်နယ်ထဲကို အင်အားဖြည့်တင်း လာတဲ့ စစ်ကောင်စီတပ်အင်အား တထောင်ကျော်အထိရှိနေပြီး တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နိုင် တယ်လို့ ပြောကြပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးတလျှောက် စစ်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တာကြောင့် ခရီးသွားပြည်သူတွေ သတိထားသွားလာကြဖို့ တိုက်တွန်းထားပါတယ်။