မြိုင်မှာ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အရပ်သားတဦးကို ဖမ်းဆီးသတ်ဖြတ်

ဇူလိုင်၊ ၃၁

မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက စိတ်ကျန်းမာရေးမကောင်း တဲ့ အရပ်သားတဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ခေါင်ဆောင်တဦးက DNA ကို ပြောပါတယ်။

“သူက ရွာထဲကို စစ်ကြောင်းဝင်လာတဲ့အချိန်မှာ တယောက်ထဲကျန်ခဲ့တာ၊ စစ်ကြောင်းက ရွာထဲဝင်နေတဲ့အချိန် မိုး ကလည်းရွာနေတော့ သူက ဦးထုပ်ဆောင်းပြီး လျှောက်သွားနေတာ၊အဲဒီအချိန်မှာပဲ ပစ်သတ်ခံလိုက်ရတာ”လို့ မြိုင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်လိုက်သူဟာ မြိုင်မြို့နယ် တောင်ပိုင်း ပန်းတိုင်းတော(အနောက်) ကျေး ရွာက အသက် ၃၇ နှစ်အရွယ်ကိုနေအောင်ဖြစ်ပြီး မနေ့က ဇူလိုင် ၃၀ ရက် နေ့လယ်ပိုင်းမှာ ပစ်သတ်ခံ လိုက်ရတာ ဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းဟာ ဦးခေါင်းကို အနီးကပ်ပစ်ခတ်ထားခဲ့အခြေအနေတွေ့ရတယ်လို့ မြိုင်မြို့နယ်က ဒေသတွင်းအခြေအနေတွေဖော်ပြပေးနေတဲ့ နွေဦးတော်လှန်ရေး-မြိုင်မြို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“မနေ့ကနေ့လယ်လောက်မှာ သေနတ်ပစ်တဲ့အသံ ခြောက်ချက်လောက်ကြားလိုက်ရတယ်၊ရွာထဲကနေ စစ် ကြောင်းပြန်ထွက်သွားတော့ အဲဒီ စိတ်ဝေဒနာရှင်ကို သူတို့(စစ်ကောင်စီတပ်) ဖမ်းဆီးပြီးတော့ပစ်သတ်သွားတာကို တွေ့ရတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ဆိုပါတယ်။

မြိုင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၂၉ ရက်က မင်းကန်ကျေးရွာမှာ တည အိပ်ပြီးနောက် ပန်းတိုင်းတော(အနောက်)ရွာကို မနေ့ကနက်ပိုင်းမှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ဇူလိုင် ၃၀ ရက်မှာ ပန်းတိုင်တော(အနောက်)ရွာကို ဝင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာခံအမျိုးသား တဦး ကို သတ်ဖြတ်ခဲ့သလို အဲ့ဒီကျေးရွာက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ကားတစီးနဲ့ ဆိုင်ကယ်တစီးကိုပါ မီးရှို့ဖျက် ဆီးသွားခဲ့တယ်လို့ နွေဦးတော်လှန်ရေး – မြိုင်မြို့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ တွင်းမပျူစောထီးရွာထဲကို ဝင် ရောက်သွားတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ  ဒုတိယပတ်ကတည်းက ပခုက္ကူမြို့ကနေစတင် ထွက်ခွာလာကာ မြိုင် မြို့နယ်အရှေ့ခြမ်းနဲ့ တောင်ဘက်ခြမ်းတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ နွေဦးတော်လှန်ရေး – မြိုင်မြို့ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၂၉ ရက် မနက်ပိုင်းက မြို့တင် ကျေးရွာမှာရှိတဲ့ ပခုက္ကူခရိုင် အမှတ်(၂) တပ်ရင်း၊ တပ်ခွဲ(၃) စခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပြီး လူအထိအခိုက် တော့မရှိခဲ့ဘူးလို့ သိရပါတယ်။