ဇူလိုင်၊ ၃၁
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ ဇူလိုင်လအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မူကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေပြောကြားချက်နဲ့ DNA ကကောက်ယူထားတဲ့အချက်အလက်တွေအရသိရပါတယ်။
” တရက်ခြားပြီး သေဆုံးမူဖြစ်တော့ တော်တော်လေးလေးစိုးရိမ်စိတ်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့ဇွန်လက လက်နက်ကြီးကြောင့်ဆယ်ယောက်သေတာဆိုတော့။ ခုလတော့လက်နက်ကြီးကြောင့်သုံးယောက်သေတယ်” တယ်လို့ ဒေသခံတဦးကပြောပါတယ်။
ခုဇူလိုင်လ ၁၁ ရက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ကလေးမြို့၊တောင်ဖီလာရပ်ကွက်က အမျိုးသမီးတဦးသေဆုံးခဲ့သလို ဇူလိုင် ၁၃ ရက်က ကလေးနဲ့ချင်းနယ်စပ် စီးစံရွာက လင်မယားနှစ်ဦးတို့သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် စီးစံ၊ မြို့လှ၊စက္ကန့်နဲ့ လက်ပန်ချောင်း အစရှိတဲ့ကျေးရွာတွေကဒေသခံ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာရရှိတဲ့အရပ်သား ၁၁ ဦးထဲမှာ နှစ်နှစ်အရွယ်ကလေးတဦးပါဝင်ပြီး အဆိုပါကလေးကယ်ဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် သေဆုံးခဲ့တဲ့ စီးစံကျေးရွာက ဇနီးမောင်နှံနှစ်ဦးရဲ့ သားဖြစ်တယ်လို့သိရပါတယ်။
ကလေးမြို့နယ်မှာလက်နက်ကြီးကြောင့် အရပ်သားသေဆုံးမူရှိခဲ့သလို မြို့ပေါ်မှာ စစ်ကောင်စီထောင်ထားတဲ့မိုင်းနင်းမိပြီးဒဏ်ရာရရှိသူတဦး၊ သေဆုံးတဲ့အကြောင်းအရင်းမသိရတဲ့ ပိုင်ရှင်မဲ့အလောင်းတလောင်းလည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” အလောင်းကတော့ ဆည်ကြီးချောင်းဘက်မှာတွေ့ကြတာ။ သူ့ရဲ့သေဆုံးမူနောက်ဆက်တွဲကို ဘာမှဆက်မကြားရတော့ဘူး။ ဆေးလွန်တာလား။ တခြားအကြောင်းလားမသိရဘူး” လို့ဒေသခံတဦးကပြောပါတယ်။
ခုဇူလိုင်လအတွင်း ကလေးမြို့ပေါ်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို ကလေးမြို့နယ်တောင်း ကြံသာကျေးရွာကနေလည်း အနီးဝန်းကျင်ကျေးရွာတွေကိုလက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ထိခိုက်သေဆုံးမူတွေဟာ ကလေးမြို့ပေါ်စစ်တပ်ကနေပစ်ခတ်တဲ့လက်နက်ကြီးကြောင့်ဖြစ်ပြီး ကြံသာဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သားထိခိုက်တာမရှိဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။