အာဏာသိမ်းစစ်ကောင်စီ အရေးပေါ်ကာလ သက်တမ်းထပ်တိုးရပြန်

ဇူလိုင်၊ ၃၁

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဇူလိုင်လ ၃၁ ရက် ဒီကနေ့မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးကို ခေါ်ယူပြီး အရေးပေါ်ကာလ သက်တမ်းခြောက်လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်မဟုတ်တဲ့ အခြေအနေဆိုပြီး အခုလိုအရေးပေါ်ကာလကို ခြောက်လထပ်မံသက်တမ်းတိုးဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေဦးဆောင်ခေါ်ယူတယ်ဆိုတဲ့ ကာလုံအစည်းအဝေးမှာ အရင် အစည်းအဝေးတွေမှာ  ကျန်းမာရေးအကြောင်းပြချက်နဲ့ ခွင့်ယူထားတဲ့ ဒီချုပ်ပါတီအစိုးရလက်ထက်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ပထမဆုံးအကြိမ်တက်ရောက်တာတွေ့ရပါတယ်။

အဖွဲ့ဝင် ၁၁ ဦးနဲ့ဖွဲ့စည်းထားတဲ့ ကာလုံအစည်းအဝေးမှာ  အမျိုးသားလွှတ်တော်ဥက္ကဌ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမပါဝင်ဘဲ ကျန်အဖွဲ့ဝင် ဆယ်ဦးနဲ့ကျင်းပတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်က အကြမ်းဖက်မှုဖြစ်စဉ်တွေလျော့နည်းသွားပေမယ့် လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် လုပ်ဆောင်စရာတွေကျန်နေသေးတယ်လို့ ဒီလ ၁၃ ရက်ကကျင်းပတဲ့ စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာပြောထားပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်စွပ်စွဲချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊  သမ္မတဦးဝင်းမြင့်၊အစိုးရအဖွဲ့ဝင်တွေ၊ ဒီချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်တပ်က ဖမ်းဆီးပြီး၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှာအရေးပေါ်ကာလအခြေအနေ တနှစ်ကြေညာခဲ့ ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နဲ့ သြဂုတ်လ ၁ ရက်တို့မှာလည်း ကာလုံအစည်းအဝေးခေါ်ယူပြီးတည်ငြိမ်အေးချမ်းမှုမရှိသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့  အရေးပေါ်ကာလကို ခြောက်လသက်တမ်း နှစ်ကြိမ်ထပ်မံတိုးမြှင့်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ သူ့ကိုပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ရင် အရေးပေါ်ကာလကို သာမန်အားဖြင့် ခြောက်လနှစ်ကြိမ် သက်တမ်းတိုးနိုင်တယ်လို့ ပုဒ်မ ၄၂၅ မှာပြဌာန်းထားတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ ကာလုံအစည်းအဝေးခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ လက်ရှိအချိန်ဟာ သာမန်မဟုတ်တဲ့ အခြေအနေဆိုပြီး အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။

ဒါ့ကြောင့် ဒီတကြိမ်ခြောက်လသက်တမ်းတိုးတာနဲ့ဆိုရင် စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းတိုးတာ လေးကြိမ်မြောက်တိုးတာဖြစ်ပြီး အဲဒီလုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ အတိုက်အခံတွေက ဝေဖန်တာရှိပါတယ်။

ဒါပေမယ့်စစ်ကောင်စီလက်အောက်ခံတရားရေးဝန်ကြီးဌာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရလက်ရှိအချိန်ဟာသာမန်မဟုတ်တဲ့ အခြေအနေဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်တယ်လို့ဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအာဏာကို လက်နက်နည်းနဲ့ ရယူတာ နှစ်နှစ်ခွဲရှိပြီဖြစ်ပေမယ့် နေရာအနှံ့လက်နက်ကိုင်တော်လှန်မှုတွေကြောင့် တိုင်းပြည်ကို တည်ငြိမ်အောင်မထိန်းနိုင်တဲ့အတွက် အရေးပေါ်ကာလကို သက်တမ်းထပ်မံတိုးနေရတာပါ။

Photo- စစ်ကောင်စီ မီဒီယာ