ကလေးမြို့မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး ပလုံကောက်သူတဦး ဒဏ်ရာရ

ဇူလိုင်၊ ၃၁
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း၊ တောင်ဇလပ်ရပ်ကွက်၊ ဆည်မြောင်းရုံးနားမှာ ပလုံကောက်သူ လူငယ်တဦး ဇူလိုင် ၂၉ ရက်၊ ညနေ ၅ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီက ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး ခြေတဖက်ပြတ် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဆည်မြောင်းရုံးနားက ပြီးခဲ့တဲ့ သုံးလေးလလောက်က ပစ်ခတ်မှု မကြာခဏဖြစ်တော့ လူတွေ သိပ်မသွားကြဘူး။ ခုနောက်ပိုင်း ပစ်ခတ်မှု မဖြစ်တာကြာတော့ ဖြတ်သွားဖြတ်လာလည်း နည်းနည်းရှိတယ်။ သူလည်း ဗူးခွံသွားကောက်တာမှာ စစ်သားတွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာ၊ ခြေတဖက် ခြေချင်းဝတ်နားကနေ ပြတ်သွားတယ် ” လို့ မြို့ခံတဦးက ပြောပါတယ်။
 
ခြေတဖက်ပြတ်ဒဏ်ရာ ရရှိတဲ့သူဟာ အသက်နှစ်ဆယ်ဝန်းကျင် ပလုံကောက်သူ မြို့ခံလူငယ်တဦးဖြစ်ပြီး ကလေးမြို့ တပ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက်ရှိ ဆည်မြောင်းရုံးကို စစ်ကောင်စီစစ်သား နှစ်ဆယ်ကျော် တပ်စွဲထားပြီး ဒေသခံကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ လာရောက်ပစ်ခတ်မှု ရှိခဲ့တာကြောင့် ရုံးခြံစည်ရိုး ဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက်က ဆည်မြောင်းရုံးနဲ့ တာဟန်းရပ်ကွက် စစ်ကောင်စီ ကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မကြာခဏ တိုက်ခိုက်မှု ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒီနှစ်ဖေဖော်ဝါရီလမှာ ဆည်မြောင်းရုံးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RPG နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီအဖွဲ့ဝင်တွေ သေဆုံးမှုရှိခဲ့သလို စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားလူငယ်တဦး သေဆုံးကာ အမျိုးသမီးသုံးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး ထိခိုက်ပြီး သေဆုံးသူ ၁၀၂ ဦး၊ ၂၀၂၂ ခုနှစ်မှာတော့ ထိခိုက်သေဆုံးသူ ၃၉ဝ ဦးအထိ မြင့်တက်ခဲ့ပြီး အဲဒီထဲက သုံးပုံတပုံဟာ ကလေးသူငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။
 
မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်း အသုံးပြုတာကို တားဆီးတဲ့ ၁၉၉၇ နိုင်ငံတကာဥပဒေကို လက်မှတ်ထိုးမထားတဲ့အပြင် စစ်ကောင်စီတပ်တွေသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပါ မြေမြှုပ်မိုင်းတွေကို အသုံးပြုနေတာဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media